ပြည်ပကို ကုန်စည်တင်ပို့ရာမှာ လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည်လိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထပ်တိုး သတ်မှတ်လိုက်ပါတယ်။
ပြောင်း၊ နှံစားပြောင်းနဲ့ ပြောင်းစေ့၊ ပြောင်းမှုန့် အပါအဝင် ပြောင်းကို တဆင့်မြှင့် ကြိတ်ခွဲ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ ပါဝင်တဲ့ ကုန်စည်လိုင်း ၁၂ လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည်တွေအဖြစ် ထပ်တိုးသတ်မှတ်လိုက်တာပါ။
အဲဒီကုန်စည်တွေကို ကုန်သွယ်ရေးလမ်းကြောင်း အသီးသီးကနေ ပြည်ပတင်ပို့ရာမှာ ၂၀၂၂ ဧပြီလ ၁ ရက်နေ့က စတင်ပြီး ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမယ်လို့ ဆိုပါတယ်။
အရင်က နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး ကုန်စည်လိုင်းပေါင်း ၁,၂၂၄ လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည်လိုင်းတွေအဖြစ် သတ်မှတ်ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ အဲဒီဌာနကနေ သိရပါတယ်။
မြန်မာ့ပြောင်းသီးနှံဟာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယဈေးကွက်တွေအပြင် ကမ္ဘာ့ပြောင်းသုံးစွဲမှု အများဆုံး တရုတ်ဈေးကွက်ကိုလည်း တရားဝင်တင်ပိုခွင့် ရရှိလာပြီဖြစ်လို့ ပြည်ပဈေးကွက် အလားအလာကောင်းတဲ့ သီးနှံအဖြစ် သုံးသပ်ထားကြပါတယ်။