Home
မြန်မာသတင်း
ဒေါရောက်ခူရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကြဲ၊ KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
DVB
·
March 11, 2022

ကရင်နီ (ကယား) ပြည်နယ်၊  ဒီးမော့ဆိုမြို့ ဒေါရောက်ခူကျေးရွာကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၄ နာရီဝန်းကျင်နဲ့ မနက် ၆ နာရီခွဲတို့မှာ တိုက်လေယာဉ်နဲ့ ဗုံး နှစ်ကြိမ်ကြဲချခဲ့တာကြောင့် KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပါတယ်။

စစ်ရှောင်အများစု နေထိုင်တဲ့ ဒေါရောက်ခူကျေးရွာကို ဒီနေ့မနက် လေယာဉ်နဲ့ ဗုံးကြဲချမှုမှာ ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF) စခန်းတခုအနီး ကျရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားတာလို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့  Humanitarian တာဝန်ခံ ကိုဗညားက ပြောပါတယ်။

“အဲဒီမှာ စစ်ရှောင်တွေရှိတယ်။ တော်တော်လည်းများတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ပဲ ပြောလို့ရမလားပေါ့နော်၊ ဒီမနက်တော့ကြဲတယ်။ ဒေါရောက်ခူဘက်မှာတော့ သူက မနက် ၄ နာရီတကြိမ်လာကြဲတယ်။ နောက်မနက် ၆ နာရီခွဲမှာ ထပ်ကြဲတယ်။ ဒါပေမယ့် သူတို့ ကြဲတဲ့နေရာက စစ်ရှောင်တွေနေတဲ့ ရွာထဲ၊ စစ်ရှောင်တွေနေရာတော့ မဟုတ်ဘူး။ သူတို့ကြဲတဲ့နေရာက KNDF တွေရှိတဲ့ တပ်ကုန်းတခုကို လာကြဲသွားတာပါ။ ကျနော်တို့ ဒီလူထုက ထိခိုက်မှုမရှိဘူး။ KNDF ရဲဘော်တယောက်ကတော့ ထိတယ်လို့ကြားပါတယ်။”

KNDF တပ်ရင်း ၉ ကတော့ မနက် ၇ နာရီလောက် လာရောက် ဗုံးကြဲခံရမှုကြောင့် KNDF B-09 ရဲဘော်တဦး ထိခိုက်ကျဆုံးသွားကြောင်း ထုတ်ပြန်ထားပါတယ်။

ဒေသခံ ရဲဘော်တဦးက “ရဲဘော်တဦးထိ၊ ရဲဘော်တွေနေတဲ့နေရာ ကြဲတာ။  တဦးထိပြီး ကျသွားတာ။ ကျန်တဲ့သူလည်း ဒဏ်ရာရတာရှိတယ်” လို့ ပြောပါတယ်။

အဆိုပါဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူ စစ်ရှောင်ရှိရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောဆိုကြပါတယ်။

မနေ့ မတ်လ ၁၀ ရက်နေ့ကတော့ မိုးဗြဲမြို့နယ် ဝါရီဆူပလိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့ပြီး တိုက်ပွဲမှာ KNDF B-03၊ KNDF B-07 ၊KNDF B-11၊ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတာလို့ KNDF တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ပြီး  နှစ်ဖက်အကျအဆုံးလည်း ရှိခဲ့ပါတယ်။

ကရင်နီပြည်နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေဟာ နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှုတွေနဲ့ အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေကြတာကြောင့် ဘာသာရေးအအောက်အအုံ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနေပြီး ဒေသခံပြည်သူတွေ အသက်ထိခိုက်သေဆုံးမှုတွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေလည်း ပိုပြီး မြင့်တက်လာနေတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ချက်မှာတော့ တပတ်အတွင်း လူ ငါးသောင်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး ပြီးခဲ့တဲ့ မတ် ၁ ရက်အထိ စုစုပေါင်း ၅ သိန်းကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာ မရရှိနိုင်တာကြောင့် တချို့ နေရပ်စွန့်ခွာသူတွေဟာ ရှမ်းပြည်နယ်ကနေ မူလနေထိုင်ရာဒေသဖြစ်တဲ့ ကယားပြည်နယ်ကို ပြန်နေကြပေမယ့် ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သူတို့ဟာ တကျော့ပြန် နေရပ်စွန့်ခွာရဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024