Home
မြန်မာသတင်း
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် EAOS အဖွဲ့များ ချင်းမိုင်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေး
DVB
·
March 10, 2022

ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၁၀ ရက် ဒီနေ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မစ္စတာ ဆာဆာကာဝါဟာ KNU၊ KNPP နဲ့ RCSS အဖွဲ့ ခေါင်းဆောင်တွေနဲ့ တဖွဲ့ချင်း သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကိုယ်စား နိုင်အောင်မင်း (MNSP)၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO) နဲ့ ဗိုလ်မှူးကြီးစိုင်းငင်း (RCSS) တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။
ကေအန်ယူဘက်ကတော့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကာကွယ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးကြီးစောရောဂျာခင်တို့ တက်ရောက်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု ကိစ္စတွေနဲ့ ဂျပန်နိုင်ငံက တည်ဆောက်ပေးခဲ့ပြီး လက်ရှိမှာ စစ်မြေပြင်ဖြစ်သွားတဲ့ လေးကေ့ကော် တည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးက ဒီဗွီဘီကို ပြောပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းကလည်း ဗိုလ်မှူးကြီးစောရာဂျာခင်ရဲ့ နှုတ်နဲ့ ပြန်လည်ပြောပြချက်အရ လက်ရှိ လေးကေ့ကော်ကိစ္စကို ဆွေးနွေးပြောဆိုဖြစ်တဲ့အကြောင်း ပြောပါတယ်။
“အထူးသဖြင့် လေးကေ့ကော်က ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဖြစ်တယ်။ နိပွန်ဖောင်ဒေးရှင်းအနေနဲ့ အစိုးရနဲ့ ကေအန်ယူအကြား ပဏာမ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ဒီလေးကေ့ကော်ကို သူတို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေနဲ့ တည်ဆောက်ပေးခဲ့တယ်။ အိုင်ဒီပီနဲ့ စစ်ဘေးရှောင်တွေအတွက် ပြန်လည်နေရာချထားနိုင်ဖို့၊ ပြောရမယ်ဆိုရင် အိမ်ခြေထောင်နဲ့ချီ တည်ဆောက်ပြီး ဆေးရုံ၊ ကျောင်းတွေ အသက်မွေးဝမ်းကြောင်း အတွက်တွေ ရှိတဲ့နေရာ ဖြစ်ပေမယ့် စစ်တပ်က အဲဒီကိုဝင်လာပြီးတဲ့နောက် ဒီမြို့ဟာ ပျက်စီးသွားတဲ့အတွက် သူတို့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ပြီးတော့ အခု အဲဒီမြို့နဲ့ အနီးတဝိုက် ကျေးရွာက ပြည်သူတွေ နောက်တခါ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး သူများနိုင်ငံမှာ ထပ်ပြီး တိမ်းရှောင်နေရတဲ့အတွက် နိပွန်ဖောင်ဒေးရှင်းအနေနဲ့ နည်းလမ်းရှာပြီး မြန်မာအစိုးရ၊ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး ဒီစစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ရေး လမ်းကြောင်းဖွင့်ပေးဖို့တွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်။”
အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဘက်ကတော့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်၊ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်းနဲ့ RCSS/SSA ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (ဦးဆောင်ကော်မတီဝင်) စိုင်းလျန်းတို့က မစ္စတာဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီနေ့မွန်းလွဲပိုင်းက တွေ့ဆုံရာမှာ အဓိကအားဖြင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ကူညီရေးကိစ္စကို ဆွေးနွေးတယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ RCSS ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးဆောင်ကော်မတီဝင် စိုင်းလျန်းက ဒီဗွီဘီကို ပြောပါတယ်။
“အဓိကဆွေးနွေးတာက နယ်စပ်ဒေသ စစ်ဘေးရှောင်ပြည်သူတွေ၊ ပြည်တွင်းက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ဖို့ပါပဲ။ အရင်တုန်းကလည်း သူတို့ ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ ဒီ ၂၀၂၂ အတွက်တော့ ဒီကနေ့ ဆွေးနွေးတာပေါ့။ ဘယ်လောက်ကူမယ်၊ အကူအညီတွေ ဘယ်တော့လာမယ် ဆိုတာတော့ အသေးစိတ် မဆွေးနွေးပါဘူး။ ဒီမတိုင်ခင် PPST ဘက်က အဆိုပြုချက် တင်ထားတာ ရှိပါတယ်။ အဲဒီပေါ်မူတည်ပြီး ကူညီမှာပါ။ သူတို့ကူတာက ငွေသားမဟုတ်ဘူး၊ ဆန်နဲ့ စားနပ်ရိက္ခာတွေ ဖြစ်ပါတယ်။”
တွေ့ဆုံမှုမှာ မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီခွဲထိ အချိန် ၁ နာရီလောက်သာ ကြာမြင့်ကြောင်း၊ လက်ရှိ စစ်ရေး နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးတာ၊ အကြံပြုတာတွေ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဘက်ကတော့ ပါတီဥက္ကဋ္ဌ ခူးဦးရယ်၊ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်နဲ့အဖွဲ့က မစ္စတာဆာဆာကာဝါ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ဆာဆာကာဝါ အရင်က ကရင်နီပြည်နယ်အတွင်း ငြိမ်းချမ်းရေးကိစ္စတွေ လူသားချင်း စာနာထောက်ထားမှု ကိစ္စတွေ ဆောင်ရွက်ခဲ့တဲ့ ဆက်ဆံရေး ရှိခဲ့တာကြောင့် အဲဒီကိစ္စတွေကို ဆွေးနွေးဖို့ သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရေး စစ်ရေး အခြေနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ မရှိဘူးလို့ အဲဒီတွေ့ဆုံပွဲမှာ ပါခဲ့တဲ့ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက နေ့စဉ် သတ်ဖြတ်နေတာကြောင့် KNPP အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အခုချိန်ထိ မူဝါဒ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားဒေသတွေ အပါအဝင် မြန်မာပြည်အလယ်ပိုင်း ဒေသတွေမှာပါ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေချိန်မှာ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ဒီကနေ့ EAO တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါဟာ စစ်ကောင်စီက စေလွှတ်ထားတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့လည်း ဒီကနေ့ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024