ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးကို စစ်ကောင်စီက တာဝန်က ရပ်နားခဲ့တယ်လို့ သိရပါတယ်။
ကမလလူကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ ထော်ပိုင်ကျေးရွာနဲ့ ဒိုက်နယ်ကြီး ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ၁၄ ဦးကို မတ်လဆန်းပိုင်းက စတင်ပြီး တာဝန်ကနေ ရပ်နားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အလုပ်ရပ်နားခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးဟာ အရပ်သားအစိုးရ လက်ထက်တည်းက အုပ်ချုပ်ရေးမှူးအဖြစ် လုပ်လာခဲ့ပြီး စစ်တပ်လက်ထက်မှာ ဒေသခံတွေကို ဖိနှိပ်ခြိမ်းခြောက်တာတွေ မလုပ်တာကြောင့် ခုလို ရပ်နားခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ရွာတွေတော့ သေချာမသိဘူး၊ အားလုံးဆို ၁၄ ယောက်၊ သူတို့က အရပ်သားအစိုးရ လက်ထက်တည်းက လုပ်လာတာ၊ ပြည်သူတွေကို သိပ်မဖိဘူး၊ အဲ့ဒါကြောင့် ရပ်နားတာလည်း ပါမယ်၊ သူတို့နေရာတွေကို တပ်ထောက်ခံတဲ့သူတွေနဲ့ ပြန်အစားထိုးထားတယ်” လို့ ပြောပါတယ်။
လစ်လပ်သွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးနေရာကို ၁ ပတ်အကြာမှာ စစ်ကောင်စီ သတင်းပေးတွေ၊ ကြံ့ခိုင်ရေးပါတီဝင်ဟောင်းတွေနဲ့ တပ်ထောက်ခံသူတွေကို ပြန်လည်အစားထိုး ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။