စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာကို မတ် ၈ ရက်က စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ အပြစ်မဲ့ ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ အလောင်းတွေကို ရွာအပြင်မှာပစ်ထားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းတွေဟာ ကျွန်းလည်ကျေးရွာမှ ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်ပြုလုပ်ပြီး မတ် ၈ ရက် မနေ့ မနက် ၁ဝ နာရီဝန်းကျင်မှာ သိမ်တော်ရွာထဲ ဝက်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက်ရေ ၅ဝ ကျော် ပစ်ခတ်ခဲ့ပါတယ်။
ဒီနောက် သိမ်တော်ကျေးရွာအတွင်းမှာရှိတဲ့ PDF ၁၁ ဦးကို ဖမ်းဆီးပြီး အပြစ်မဲ့ ပြည်သူ ၃ ဦးနဲ့အတူ ကျေးရွာအနီး ကွင်းပြင်တခုမှာ ဒီနေ့မွန်းလွဲပိုင်း သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ပစ်ထားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေစဉ်အတွင်း သိမ်တော်ကျေးရွာအနီးမှာ မိုင်းဆွဲခံခဲ့ရတာကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအနည်းငယ်ရှိပါတယ်။ သေဆုံးသွားတဲ့ စစ်သားကို အဆိုပါကျေးရွာမှာပဲ မီးရှို့သင်္ဂြိုဟ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေက သက်ပေးကျေးရွာကိုလည်း မတ် ၉ ရက် ဒီနေ့လည်း ထပ်မံ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် မူးသာကျေးရွာကို ဆက်လက်ဝင်ရောက် မွှေနှောက်ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။