စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကန်ကြီးကုန်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ လောက် တပ်စွဲထားတဲ့ တပ်စခန်းတခုကို မတ် ၉ ရက် မနက် ၁ နာရီလောက်က မဟာမိတ်တပ်ဖွဲ့ ၃ ခုပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့က ပြောပါတယ်။
မနက် ၁ နာရီလောက်က ကန်ကြီးကုန်းကျေးရွာက စစ်ကောင်စီ တပ်စခန်းကို ZERO ပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ် Myaung Revolution Army (MRA) နဲ့အတူ MGN 35 အဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ကြတာဖြစ်ပြီး ၃ နာရီကြာလောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၁၂ ယောက်သေဆုံးပြီး ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်နေစဉ်မှာ စစ်ကောင်စီဘက်က အင်အား အထောက်အကူတွေ ရောက်ရှိလာတာကြောင့် မဟာမိတ်တပ်ဖွဲ့တွေ ဘေးလွတ်ရာ ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။