ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ MPT တာဝါတိုင်နားက ဝန်ထမ်းအိမ်ရာအနီး မတ်လ ၈ ရက် ည ၈ နာရီလောက်က ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
"၈ နာရီ နည်းနည်းကျော်လောက်မှာ အသံကြားရတယ်၊ ညောင်ပင်ရပ်ဘက်မှာ ပေါက်တာလို့ ပြောတယ်၊ MPT တာဝါတိုင်နားဘက်တဲ့" လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတဲ့သတင်း မကြားသိရပေမဲ့ Bhamo PDF ကတော့ ဗန်းမော်သစ်ထုတ်လုပ်ရေး ရုံးရှေ့မှာ မိုင်းတပ်ဆင် ဖောက်ခွဲခဲ့တာလို့ အတည်ပြု ထုတ်ပြန်ပါတယ်။
အခုမိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီလက်အောက်က စစ်သားနဲ့ ရဲတွေ တနေ့တခြား လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေတဲ့နေရာလို့ သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း မြို့နယ်အားကစားကွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အခုဗုံးပေါက်ကွဲတာဟာ စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ကလပ်ပေါင်းစုံ ဘောလုံးပွဲ ဗိုလ်လုပွဲကျင်းပဖို့ ၃ ရက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။