ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးကို လမ်းပြ ၈ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကန်ကျန ပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၇ ရက် မွန်းတည့် ၁၂ နာရီမှ မတ်လ ၈ ရက် မွန်းတည့် ၁၂ နာရီအတွင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီနဲ့ ကန်ကျနပူရီမြို့နယ် ၂ ခုရှိ နေရာပေါင်း ၅ နေရာကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
မတ်လ ၇ ရက် ညနေ ၆ နာရီက ဆန်ခလပူရီမြို့နယ် လိုက်ဝိုက်အုပ်စုထဲမှာ ၂ ဦး ၊ လမ်းပြ ၁ ဦး ၊ ည ၈ နာရီကျော်က ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စုထဲမှာ ၁၈ ဦး ၊ လမ်းပြ ၅ ဦး ၊ ညသန်းခေါင်ယံအချိန်က နောင်လူးအုပ်စု ဟွေ့ကုပ်ရွာမှာ ၃၉ ဦး ဖမ်းဆီးရမိပါတယ်။
မတ်လ ၈ ရက် မနက် ၈ နာရီခွဲက ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုထဲမှာ ၇ ဦး၊ မနက် ၉ နာရီ မိနစ် ၄၀ က ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စုထဲမှာ ၉ ဦး ၊ လမ်းပြ ၂ ဦးတို့ကို ဖမ်းမိတယ်လို့ ဆိုပါတယ်။
၁ ရက်အတွင်းမှာ အမျိုးသား ၄၇ ဦး အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၇၅ ဦးနဲ့ လမ်းပြ ၈ ဦးတို့ကို ဖမ်းမိကြောင်း ၊ သူတို့ဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကဖြစ်ပြီး ထိုင်းမှာအလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅၀၀ မှ ၂၅၀၀ ထိပေးခဲ့ရကြောင်း ၊ ကိုဗစ် ၁၉ ရောဂါအတွက် အပူချိန်တိုင်းရာမှာ အားလုံးပုံမှန်ဖြစ်ပြီး လဝကဥပဒေနဲ့အရေးယူဖို့ နယ်မြေရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သတင်းမှာဖော်ပြသွားပါတယ်။