Home
ဆောင်းပါး
မြန်မာပြည်သူတွေရဲ့အသက်ဟာ အာဆီယံနဲ့ မဆိုင်ဘူးလား
DVB
·
March 8, 2022

၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားက စတင်တာဝန်ယူပြီးတဲ့နောက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ အပြောအဆိုအသွားအလာတွေဟာ ဘာကို ဘယ်လို ယုံရမယ်မှန်း မသိအောင် ရှေ့နောက်မညီတဲ့စကားတွေနဲ့ ရှုပ်ထွေးလွန်းလှတယ်။

ပထမ၊ ၂၀၂၂ ခုနှစ်ကို စတင်ဖွင့်လှစ်လိုက်တယ်ဆိုရင်ပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ နေပြည်တော်ကိုသွားမယ်အလုပ် နိုင်ငံတကာကရော မြန်မာပြည်သူတွေကိုပါ အပြင်းထန်ဆုံး ကန့်ကွက်သံတွေ ထွက်ပေါ်လာခဲ့တယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဘာကိုမှ အရေးမလုပ်၊ သူ ဘာလုပ်နေတယ်ဆိုတာ သူ သိတယ် ဆိုတဲ့အချိုးမျိုးနဲ့။ ‘ကျုပ်ကို မနှောင့်ယှက်ပါနဲ့၊ ခင်ဗျားတို့က ကျုပ်ဆရာ မဟုတ်သလို ကျုပ်ကလည်း ခင်ဗျားတို့ ဆရာ မဟုတ်ဘူး’လို့ သူ့ကိုယ်သူ ယုံကြည်မှုကြီးစွာနဲ့ ဝေဖန်မှုမှန်သမျှကို  အဲဒီလို တုံ့ပြန်ခဲ့တယ်။

ဇန်နဝါရီ ၇ ရက်နေ့၊ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ တွေ့ခဲ့တယ်။ အဲဒီနေ့မှာ မင်းအောင်လှိုင် ခါးပိုက်ဆောင်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်က လူနေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့လို့ ပြည်သူတစ်ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ပေမဲ့ မင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြောင်း ဟစ်ကြွေးခဲ့တယ်။

ဟွန်ဆန် ပြန်လာတော့ အာဆီယံနဲ့ နိုင်ငံတကာကို ထုတ်ပြစရာ မင်းအောင်လှိုင် ပြောတဲ့ သွေးသံတရဲရဲ ငြိမ်းချမ်းရေးနဲ့ အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီရှေ့ လုပ်ငန်းစဉ် ၅ ခု ချိတ်ဆက် ဖော်ဆောင်ရေးဆိုတာသာ ပါလာခဲ့တယ်။

လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ မင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေးကို ဘယ်ကမ္ဘာကမှ လက်မခံသလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ အာဆီယံ မူ ၅ ရပ်နဲ့ မင်းအောင်လှိုင် အာဏာတည်မြဲရေးဆီ ဦးတည်နေတဲ့ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ခုကို ဘယ်လိုမျိုး ကြံဖန်ဆက်စပ်မှာလဲဆိုတဲ့ မေးခွန်းထုတ်သံတွေ ဆူညံခဲ့တယ်။

ဒါပေမဲ့ ဟွန်ဆန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆွန်ခွန်း (အခု မြန်မာ့အရေး အာဆီယံ အထူးသံတမန်)က ဖနွမ်းပင်လေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကနေ တိုးတက်မှုအဆင့်တစ်ဆင့်ရခဲ့တဲ့ အကြောင်းနဲ့ အဲဒီ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ တိုးတက်မှုနဲ့  သဘောတူညီချက်တွေကို ကန့်ကွက်သူ ဘယ်သူမဆိုဟာ စစ်ပွဲကို လိုလားသူတွေ၊ မြန်မာနိုင်ငံ ပြန်ပြီးတည်ငြိမ်အေးချမ်းလာတာကို မတွေ့မြင်ချင်သူတွေသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပရက်ဆွန်ခွန်းက ‘ကန့်ကွက်သူ ဘယ်သူမဆို’ လို့ ဆိုလိုက်လေတော့ ဟွန်ဆန် နေပြည်တော်မလာခင်ကရော နေပြည်တော်ရောက်နေချိန်မှာရော ပြန်တဲ့အချိန်ထိပါ တောက်လျှောက်ဆိုသလို မြန်မာပြည်သူများစွာက အပြင်းအထန် ကန့်ကွက်နေလေတော့ မြန်မာပြည်သူတွေကိုပါ စစ်ပွဲလိုလားသူတွေ၊ မြန်မာပြည် ပြန်အေးချမ်းလာမှာကို မတွေ့မြင်လိုသူတွေအဖြစ် အဆင်အခြင်ကင်းမဲ့စွာ စွပ်စွဲခဲ့တယ်လို့ နားလည်ရပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ဟွန်ဆန် ခရီးစဉ်ကန့်ကွက်သူတွေကို မြန်မာပြည်သူတွေလို့ သုံးနှုန်းရအောင် မြန်မာပြည်သူ ဘယ်နှယောက် ပါသလဲဆိုပြီး စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်း မေးခွန်းထုတ်သလို ထုတ်နိုင်ပါတယ်။ အဲဒီလိုမေးခွန်းမျိုးကို မြန်မာပြည်သူ ဘယ်လောက်ထိ များကြောင်း အလွယ်တကူ သက်သေပြနိုင်တာက တတိုင်းပြည်လုံးက လမ်းတွေပေါ် လူသူကင်းမဲ့ခဲ့တဲ့ ကျနော်တို့ပြည်သူတွေရဲ့ အသံတိတ်သပိတ်ပါပဲ။ ထားပါတော့။

တကယ်တော့ ဟွန်ဆန်ဟာ ဘယ်သူ့စကားကိုမှ လက်မခံ၊ သူ့ကိုယ်သူ လူတတ်ကြီးလုပ်ပြီး နေပြည်၏တော် သွားခဲ့တာမို့ သူ့ရဲ့နေပြည်တော်ခရီးစဉ်ကို အောင်မြင်သယောင် အသံကောင်းဟစ်လိုက်တာပါ။ ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီရှေ့ လုပ်ငန်းစဉ် ၅ ချက် ဆက်စပ်ဖော်ဆောင်ရေးဆိုတဲ့ အရူးကွက်ကို အာဆီယံနိုင်ငံကြီးတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က ခပ်ပြတ်ပြတ် ငြင်းဆန်လိုက်တဲ့အခါမှ အသံတိတ်သွားခဲ့တယ်။

ဒါတောင် ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို မင်းအောင်လှိုင် ခန့်ထားတဲ့ ဝဏ္ဏမောင်လွင် တက်ခွင့်ရရေးအတွက် အာဆီယံဥက္ကဋ္ဌအရှိန်အဝါနဲ့ ဇွတ်လုပ်ဖို့ ခြေလှမ်းပြင်ခဲ့ပါသေးတယ်။ ဝဏ္ဏမောင်လွင် ပါရင် အစည်းအဝေးလာမတက်ဘူးဆိုတဲ့ နိုင်ငံတွေ များလာတာကြောင့် ကြံထားသမျှ ပြန်နောက်ဆုတ်လိုက်ရပါတယ်။

ဟွန်ဆန်က မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးတာကို မဆွေးနွေးတာထက်စာရင် တိုးတက်မှု ရှိတယ်လို့ ဆိုချင်ဟန်တူပါတယ်။ ပြီးတော့ မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုခြင်းထက် အစည်းအဝေးတက်ခွင့်ပြုပြီး အနီးကပ်ဖျောင်းဖျခြင်းကို ပိုထိရောက်တယ် ဆိုတဲ့ လမ်းကြောင်းမျိုးလည်း ထွင်းချင်ပုံရပါတယ်။ မင်းအောင်လှိုင်လည်း မူ ၅ ရပ်ကို လိုက်နာချင်ယောင်ဆောင်ပြီး ကိုယ့်အာဏာကိုယ် လည်သလို လက်မလွှတ်စေတဲ့နည်းနဲ့ ပျော့ပျောင်းပြ။ အာဆီယံအနေနဲ့လည်း မူ ၅ ရပ်ကို တဆင့်ချင်း ဖော်ဆောင်နေသလို နိုင်ငံတကာ အသိုင်းအဝိုင်းကို လျှောက်လဲ။ အဲဒီလိုနည်းနဲ့ ဒေသတွင်းမှာ ဒီမိုကရေစီအရောင်ပါးပါး ဆိုးထားတဲ့ အာဏာရှင်နိုင်ငံတစ်ခု ပေါ်ပေါက်လာခြင်းဟာ ကမ္ဘောဒီးယားမှာ ဟွန်ဆန် ဖောက်နေတဲ့ သားစဉ်မြေးဆက် အာဏာပိုင်စနစ်ကို အထောက်အကူပြုစေမှာ သေချာပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်ကလည်း နည်းနည်းပါးပါး အလျှော့ပေး စေ့စပ်ရေး လုပ်ချင်ယောင်ဆောင်ရမယ့် နည်းကိုတောင် လက်မခံနိုင်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံကြီးတွေကလည်း မူ ၅ ရပ်ကို ပိပိပြာပြား မလျှော့တမ်း ဆုပ်ကိုင်ထားလေတော့ ဟွန်ဆန် ငိုချင်းချရတော့တယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဘာတိုးတက်ဖြစ်ထွန်းမှုမှ မရှိခဲ့တာ မှန်ကန်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဟွန်ဆန် ဝန်ခံလိုက်တယ်။ ပြီးတော့ နွားကမဆွဲဘဲ ထွန်က မရွေ့နိုင်ဘူးလို့ မြန်မာ စစ်ခေါင်းဆောင်တွေကို ဥပမာပေးခဲ့သေးသလို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တာမှ ဘာမှမကြာသေး၊ နောက်ထပ် ၁၀ လကျော် ကျန်သေးတာတောင် မြန်မာ့အရေးကို စောစောစီးစီးပဲ လက်လျှော့လိုက်ပြီလို့ ညည်းချင်းချခဲ့တယ်။

အဲဒီလို ဟွန်ဆန် ညည်းချင်းနဲ့အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ အာဆီယံအထူးသံတမန်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ အသံကို ပထမဆုံးအကြိမ် စကြားခဲ့ရတယ်။

ပြီးတော့ အာဆီယံအထူးသံတမန် ပရက်ဆွန်ခွန်းက NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ မင်းအောင်လှိုင်ဆီ ခွင့်ပြုချက်တောင်းခဲ့တယ်။ တကယ်တော့ အာဆီယံအထူးသံတမန်ဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘက်အသီးသီးကို သူ့သဘောနဲ့သူ တွေ့ဆုံခွင့်ရှိပေမဲ့ အာဆီယံရဲ့ စဉ်းစားချက်ထဲမှာ မင်းအောင်လှိုင်  ငြိုငြင်ခဲ့ရင် တွေ့ဆုံဆွေးနွေးရေးဟာ အဆင်ပြေမှာ မဟုတ်ဘူးလို့ မှတ်ယူထားပုံပါ။ ဒါ့ကြောင့် မင်းအောင်လှိုင်ရဲ့ အလိုတော်ကို ကျိုးနွံစွာ တောင်းခံခြင်းလို့ နားလည်ရပါတယ်။

မင်းအောင်လှိုင်ရဲ့ အလိုတော်ကလည်း ရှင်းပါတယ်။ NUG အစိုးရနဲ့ တွေ့ခွင့်မပြုနိုင်ဘူးလို့ အထူးသံရဲ့ တောင်းဆိုချက်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အခု မတ်လ ၄ ရက်နေ့မှာဆိုရင် NUG ဝန်ကြီး ၇ ဦးကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ကြောင်း အကြမ်းဖက် စစ်အုပ်စုက ထုတ်ပြန်ခဲ့လေတော့ အာဆီယံမူ ၅ ရပ်မှာ အရေးပါတဲ့ ဘက်အသီးသီး တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လက်မခံနိုင်ကြောင်း မသိချင်ယောင်ဆောင်နေတဲ့ အာဆီယံ သိအောင် အကြမ်းဖက်စစ်အုပ်စုက ထပ်ပြောပြနေသလိုပါပဲ။

ဒါပေမဲ့ အာဆီယံအထူးသံတမန် ပရက်ဆွန်ခွန်းက သူ့ရဲ့ ၃ ရက်တာ မြန်မာခရီးစဉ်ကို မတ် ၂၀ ရက်မှာ စတင်မယ်လို့ ကြေညာခဲ့ပြန်တယ်။ ဆိုတော့ မကြာသေးခင်ကမှ မြန်မာ့အရေးကို လက်လျှော့လိုက်ပြီလို့ပြောခဲ့တဲ့ ဟွန်ဆန်ရဲ့စကားဟာ မဟုတ်တော့သလိုပါပဲ။

၃ ရက်တောင် ကြာမယ့် အာဆီယံအထူးသံရဲ့ ခရီးစဉ်မှာ ဘယ်သူတွေနဲ့ တွေ့ခွင့်ရမှာလဲ။ ပရက်ဆွန်ခွန်းက ဘာမှမပြောသေးပေမဲ့ မင်းအောင်လှိုင် တွေ့ခိုင်းတဲ့လူတွေနဲ့သာ တွေ့ခွင့်ရမှာပါပဲ။ စစ်အုပ်စု လေသံပစ်နေတဲ့ NLD ပါတီနဲ့ တွေ့ဆုံခွင့်ဆိုတာ NLD ပါတီ ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဗဟိုအလုပ်ကော်မတီတို့ မဟုတ်တာ သေချာပါတယ်။ (လက်ရှိမှာ NLD ပါတီဆိုတာ ပါတီဥက္ကဋ္ဌကနေ အောက်ခြေပါတီဝင်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ မဟုတ်ရင် တိမ်းရှောင်နေရသူချည်းဆိုတာ အာဆီယံလည်း သိမယ်လို့ ထင်ပါတယ်။)

အာဆီယံ မူ ၅ ရပ် စတင်ခဲ့တဲ့ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့မတိုင်ခင် အချိန်များစွာကတည်းကနေ အခုအချိန်ထိ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေတာ၊ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်ခတ်တာ၊ စစ်ရှောင်ဒုက္ခသည်စခန်းကိုပင် မြေလှန်ပစ်တာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ ရွာတွေထဲ ဝင်လုပြီး ရွာတွေကို မီးရှို့နေတာ။ အဲဒီလို အဆိုးရွားဆုံး အကြမ်းဖက်မှုတွေကို စစ်အုပ်စုက ဗြောင်ကျူးလွန်နေတာ အာဆီယံမူ ၅ ရပ်ကို နေ့စဉ် ဆုတ်ဖြဲပြနေတယ်လို့ တည့်တည့်ပြောနေပေမဲ့ အာဆီယံအနေနဲ့ မမြင်ချင်ယောင်ဆောင်နေတာ မင်းအောင်လှိုင်ကိုတောင် အားနာဖို့ကောင်းနေပါပြီ။

ဒါကို နောက်တစ်နည်းပြောရရင် အချိန်ကာလ သတ်မှတ်ချက်မပါ၊ အရေးယူမှုတစ်စုံတစ်ရာ မပါတဲ့ အာဆီယံမူ ၅ ရပ်ဟာ ဘယ်လိုမှ အလုပ်မဖြစ်နိုင်မှန်း သိလျက် အလုပ်ဖြစ်နိုင်မယ့်လမ်းကို မရွေးရဲလို့ အာဆီယံအနေနဲ့ မူ ၅ ရပ်ကိုသာ ဆက်လက်ဖက်တွယ်ထားပြီး မင်းအောင်လှိုင် လက်တွေ့ သက်သေပြသမျှ မမြင်ချင်ယောင်နေတာလို့ ဆိုချင်ပါတယ်။

ဒါကြောင့်လည်း အာဆီယံအထူးသံဟာ အလုပ်လုပ်ပြဖို့အတွက် ၃ ရက်ကြာ မြန်မာနိုင်ငံကို ရောက်လာတော့မှာပါ။ အလုပ်လုပ်ပြတယ်ဆိုတာ အလုပ်ဖြစ်၊ မဖြစ် ရွေ့၊ မရွေ့ကအ ရေးမကြီးပါဘူး။ အာဆီယံအထူးသံဟာ အလုပ်လုပ်နေပါတယ်လို့ အများထင်မြင်လာရင် ပြီးရော ဆိုတဲ့သဘောပါ။

ဆိုတော့ အာဆီယံမူ ၅ ရပ် အဓွန့်ရှည်ရေးဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာအတွက် ဘယ်လောက်ထိ အရေးပါနေပါသလဲ။ မြန်မာပြည်သူတွေရဲ့ အသက်ကရော အာဆီယံအတွက် ဘယ်လောက်ထိ အရေးပါပါသလဲ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ ဖြစ်ချင်နေတာဘာလဲလို့ မေးခွန်းထုတ်ရပါတော့မယ်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024