စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စည်လှောင်ကျေးရွာအပါအဝင် အခြားကျေးရွာတွေကိုပါ လှည့်လည်ဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ် ၇ ရက်နေ့က စည်လှောင်ကျေးရွာအတွင်းကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၆ နာရီဝန်းကျင်လောက်ကစပြီး စည်လှောင်ကျေးရွာကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကာ စတင်တပ်ဖြန့်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ဘေးရှောင်ပြည်သူတွေရဲ့နောက်ကိုလည်း လိုက်လံပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကြသလို စစ်ရှောင်တဲတွေကိုလည်း မီးရှို့ခြင်းတွေပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စည်လှောင်ကျေးရွာနဲ့အနီးတဝိုက်မှာရှိတဲ့ ကျေးရွာမတွေနဲ့ အခြားကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က လှည့်လည်ဝင်ရောက် ဒုက္ခပေးနိုင်တာကြောင့် အခြားဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ထကြွပေးကြဖို့ကိုလည်း ဒေါင်းမင်း PDF အဖွဲ့ခေါင်းဆောင် ဗိုလ်စက္ကက တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ရှိအချိန်ထိ စည်လှောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနဲ့ အောင်ချမ်းအေးကျေးရွာတို့ကို ဝင်ရောက်ဖျက်ဆီးခဲ့ကြသလို လက်ပံတော(လက်ပတော)ကျေးရွာကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ဝင်ရောက်ခဲ့ကာ ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ လှည့်လည်လှုပ်ရှားသွားလာနေတာကြောင့် လက်ရှိအချိန်ထိ ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များဟာ မတ် ၇ ရက်နေ့တုန်းကလည်း ဘန့်ဘွေး ထန်းဇင်တောပြင်နေ ထန်းတက်သမား ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာခံခဲ့ပြီး ဒီနေ့ချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသလို အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။