Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် မြန်မာအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပိုဆိုးလာ
DVB
·
March 8, 2022

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ဒေသက အမျိုးသမီးတွေနဲ့  အကျဉ်းထောင်၊ အချုပ်ခန်းနဲ့ စစ်ကြောရေးတွေမှာ  ဖမ်းဆီးခံ အမျိုးသမီးတွေ အပေါ် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ပိုမိုများပြားလာနေတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ သိပ်မသိသာပေမဲ့ စစ်ပွဲဖြစ်နေတဲ့ဒေသတွေမှာ ပိုမိုဆိုးရွားနေပြီး အမျိုးသမီးနဲ့ ကလေးတွေကို စစ်ပွဲမှာ မြေစာပင်အနေနဲ့ အသုံးပြုနေတာတွေကို ထိရောက်စွာ အရေးယူဖို့ လိုအပ်နေပြီလို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက တိုက်တွန်းလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့  ဥပဒေတွေ ထုတ်ပြန်ထားပေမဲ့ တကယ်တမ်း အမျိုးသမီးတွေ အကြမ်းဖက်ခံရရင်၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရရင် ဒီဥပဒေတွေက ထိရောက်စွာ အကာအကွယ်ပေးနိုင်မှု မရှိသေးဘူးလို့လည်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ဒေသက အမျိုးသမီးတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ လုပ်ဆောင်နေပေမဲ့ ဒီအပေါ် အရေးယူဆောင်ရွက်မှု မရှိတာဟာ နောက်ထပ် ကျူးလွန်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးနဲ့ ကလေးတွေကိုစစ်ပွဲမှာ မြေစာပင်အဖြစ် အသုံးပြုနေတာတွေ ရပ်တန့်ဖို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်အောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မှာ အမျိုးသမီးအရေးဆောင်ရွက်သူတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အမျိုးသမီးအရေးဆောင်ရွက်သူ ဒေါ်နိုးနိုးထက်စံက “နိုင်ငံတကာ အမျိုးသမီးများနေ့ ဆိုတာကလေ၊ အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့  အမျိုးသမီးတွေရဲ့ ထူးချွန်မှု၊ အမျိုးသမီတွေရဲ့ ပင်ပန်းမှုပေါ့နော်။ ပြီးရင် အမျိုးသမီးတွေရဲ့ လူ့ဘောင်အသိုင်းအဝိုင်းတွေထဲမှာ ဝင်ဆံ့လိုမှု၊ ဒါတွေကို အသိအမှတ်ပြုဖို့အတွက် ဖြစ်ပေါ်လာတာပေါ့လေ။ အဲဒါနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာတော့ လတ်တလော စစ်ပွဲတွေအများကြီး ဖြစ်နေတာပေါ့နော်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ၊ အမျိုးသမီးတွေ၊ အမျိုးသမီး သက်ကြီးရွယ်အိုတွေက အထူးရှောင်ပြေးရတာ။ တပြိုင်နက်တည်းမှာ ဖမ်းဆီးခံရတဲ့အခါမှာတော့ အမျိုးသမီးဆိုလို့ရှိရင် သူတို့ စစ်ကြောရေးမှာ နှိပ်စက်ပုံ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ ကာယိန္ဒြေပျက်ပြားအောင် ထိကပါး၊ ရိကပါး ပြောဆိုတာတွေ၊ ဆဲဆိုနှိပ်စက်တာတွေရှိတယ်။ နောက် LGBT တွေရောပေါ့နော်။ ဆိုတော့ အဲဒီအတွေးအခေါ်က စစ်တပ်ထဲမှာ ဘာရှိနေလဲ ဆိုတော့ သူတို့ အတွေးအခေါ်ထဲမှာ ဖိုဝါဒကြီးစိုးတဲ့ အတွေးအခေါ် ရှိနေတဲ့ သဘော ဖြစ်တယ်။ ဆိုတော့ အဲဒီသဘောနဲ့ပဲ အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတယ်၊ ကာယိန္ဒြေ နှောင့်ယှက်တာ ခံရတယ်။ မကြားဝံ့မနာသာ အဲလိုစကားတွေနဲ့ ပြောတယ်ပေါ့နော်။”လို့ပြောပါတယ်။

စစ်ပွဲတွေရှိနေသရွေ့ အာဏာရှင်စနစ် အမြစ်မပြတ်သေးသရွေ့  အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ  ဖိနှိပ်မှုတွေရှိနေဦးမှာဖြစ်တယ်လို့လည်း  အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူက ပြောပါတယ်။ 

“စစ်ပွဲတွေ ရှိနေသရွေ့ ဒီအမျိုးသမီးတွေ၊ ကလေးတွေကတော့  သူတို့ရဲ့ ကြားထဲက မြေစာပင်ဖြစ် နေဦးမှာပဲ။ ဒါပေမဲ့ စစ်ပွဲတွေကြောင့်မို့လို့ အမျိုးသမီးနဲ့ကလေးတွေက မြေစာပင်ဖြစ်နေတာ မဟုတ်ဘူး။ စစ်ပွဲတွေ မရှိတော့တဲ့အခါကျရင်လည်း ဖိုဝါဒ ကြီးစိုးပြီးတော့မှ စနစ်ကိုမှ အာဏာရှင်စနစ်လိုမျိုး ဆိုရင်လည်း အမျိုးသမီးတွေက အဲဒီလို ကျင့်သုံးနေတဲ့ ခေတ်အဆက်ဆက်မှာ အခုနကကိစ္စတွေကို ဖြေရှင်းနိုင်မှာဟုတ်ဘူး။ ဥပမာ မုဒိမ်းမှု ဖြစ်ရင်တောင်မှ ကျူးလွန်သူထက် ကျူးလွန်ခံရသူကို အပြစ်ပြောတဲ့သူတွေ များတယ်။ မုဒိမ်းမှု ဖြစ်ရင်တောင် သူက ဘယ်လို အဝတ်အစားမျိုး ဝတ်ထားလဲဆိုတဲ့ဟာမျိုးပေါ့။ ဒါမျိုးတွေ ရှိတယ်။ ဆိုတော့ ကျမတို့နိုင်ငံမှာ ကြည့်လိုက်မယ်ဆိုရင် မုဒိမ်းမှု အများအပြားက ဖြစ်တဲ့နေရာတွေကို ကြည့်လိုက်မယ်ဆိုရင် အများအားဖြင့်က နယ်တွေမှာ ဖြစ်တယ်။ အဲဒီနယ်တွေမှာဆိုတာက အမျိုးသမီးတွေ တော်တော်များများက လုံခြုံတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာ ဖြစ်တယ်။  ဆိုတော့ ကျမတို့နိုင်ငံမှာ မှားနေတဲ့ အတွေးအခေါ်တခုက မလုံမခြုံဝတ်လို့ မုဒိမ်းမှုဖြစ်တယ် ဆိုတဲ့ဟာမျိုးပေါ့။ နောက်ပြီးတော့ စစ်တပ်က တပြိုင်နက်တည်းမှာ သူတို့ ကျူးလွန်တဲ့လူတွေကို ကြည့်မယ်ဆိုရင် အမျိုးသမီးဆိုရင် အသက်အရွယ်မရွေး သူတို့ ကျူးလွန်နိုင်တယ်။ ဒါတွေ ကျမတို့ သတင်းတွေမှာလည်း တွေ့မြင်ရမယ်။ အသက် ၇၀ ကျော် အမေအရွယ်၊ အဘွားအရွယ်ရှိတဲ့ အမျိုးသမီးတွေတောင် သူတို့က ကျူးလွန်နေတာလေ။ ဆိုတော့ ပြောချင်တာက မိန်းမဖြစ်ရင် ဇိမ်ခံပစ္စည်းလို့ တွေးတဲ့အတွေးအခေါ်ရှိနေတဲ့ လူ့အသိုင်းအဝိုင်းဖြစ်ရင်၊ အာဏာရှင်ဖြစ်ရင် ပဒေသရာဇ်ဆန်တဲ့ အတွေးအခေါ်တွေရှိနေရင် အမျိုးသမီးတွေရဲ့ တန်ဖိုးက နောက်ကို ရောက်သွားတယ်။ အဲဒီအတွေးအခေါ်နဲ့ပဲ သူတို့ဖိနှိပ်နေတဲ့အခါ အမျိုးသမီးတွေကို ပိုမိုဖိနှိပ်တာကို တွေ့ရတယ်ပေါ့နော်။”လို့ အမျိုးသမီးအရေးလှုပ်ရှားသူ  ဒေါ်နိုးနိုးထက်စံက ပြောပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့အချိန်ကတည်းက အကြမ်းဖက်စစ်တပ်က လက်နက်တစ်ခုသဖွယ်ကို ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ တိုင်းရင်းသားအမျိုးသမီးငယ်တစ်ဦးက ဆိုပါတယ်။

လက်ရှိ စစ်ဖြစ်နေတဲ့ နေရာတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာဟာ  လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု စစ်ရာဇဝတ်မှုတစ်ခု ဖြစ်တဲ့အတွက် လုံးဝလက်ခံနိုင်စရာမရှိဘဲ ကျူးလွန်တဲ့ သူတွေကို နိုင်ငံတကာဥပဒေတွေအရ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က တောင်းဆိုလိုက်တာပါ။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ နန်းမို့မို့က “ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ဒီအကြမ်းဖက်စစ်တပ်ကနေပြီးတော့ ခေတ်အဆက်ဆက် ကျမတို့ ပြည်တွင်းစစ်စပြီးတော့ ပေါက်ဖွားကတည်းက ဒီအမျိုးသမီးတွေပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာက တကယ့်ကို လက်နက်သဖွယ်အသုံးပြုတယ်။ ပြီးတော့ တကယ့်ကျယ်ကျယ်ပြန့်ပြန့်နဲ့ အစီအစဉ်ရှိရှိကို အကြမ်းဖက်စစ်တပ်ကနေ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တာကို ကျမတို့ တွေ့ရတယ်။ အခုလည်း အဲလိုပဲပေါ့နော်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ၊ ပြီးလို့ရှိရင် ပဋိပက္ခတွေဖြစ်တဲ့ဒေသတွေ၊ ပဋိပက္ခအလွန်ကာလ ဒေသတွေမှာဆိုလို့ရှိရင် အကြမ်းဖက်စစ်တပ်ကနေပြီးမှ ဒီလိုမျိုး လက်နက်သဖွယ် မုဒိမ်းကျင့်တာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တာကို ကျမတို့တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ အထူးသဖြင့် အခုဆိုရင် IDP camp၊ refugee camp တွေကအစ conflict ဖြစ်တဲ့နေရာတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုတာက တကယ့်ကို ရက်စက်တဲ့ ရာဇဝတ်မှုဖြစ်တယ်ပေါ့နော်။ လူသားဖြစ်မှုကို တကယ့်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု ဖြစ်တယ်။ စစ်ရာဇဝတ်မှု ဖြစ်တယ်ပေါ့လေ။ ဒီဟာတွေကို ကျမတို့ ဘယ်လိုမှ လက်ခံလို့မရဘူးပေါ့နော်။”လို့ပြောပါတယ်။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေအရ အရေးယူဖို့နဲ့  ကျူးလွန်တဲ့သူတွေကို ထိထိရောက်အပြစ်ပေးဖို့ ထိခိုက်နစ်နာတဲ့ အမျိုးသမီးတွေအတွက်  တရားမျှတမှုတွေကို ဖော်ဆောင်ပေးဖို့လည်း တိုက်တွန်းပါတယ်။ 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ နန်းမို့မို့က “ဒီအမျိုးသမီးတွေကို အထူးသဖြင့် အခုလိုမျိုး ပဋိပက္ခဖြစ်တဲ့အချိန်မှာ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာက ဒါက တကယ့်ကို ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုး ကျူးလွန်တာတွေက နိုင်ငံတကာရဲ့ ဥပဒေကိုလည်း ချိုးဖောက်တာ ဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုး ကျူးလွန်နေတာကလည်း နိုင်ငံတကာဥပဒေအရ ကျူးလွန်ခွင့် လုံးဝမပေးဘူး။ ကျူးလွန်တဲ့သူတွေကို ပြန်ပြီးအရေးယူမှုတွေကို ပြန်ပြီးတော့လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီနစ်နာတဲ့သူတွေ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအတွက် နစ်နာသူတွေအတွက် တရားမျှတမှုတွေကို ဖော်ဆောင်ဖို့၊ ပြန်လည်ကုစားမှုတွေ လုပ်ဆောင်ဖို့ဆိုရင် အခု ကျူးလွန်တဲ့သူတွေကို ကျမတို့က ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ ဆောင်ရွက်ရမှာ ဖြစ်တယ်ပေါ့နော်။ ကျူးလွန်သူတွေကို အခုလိုပဲ ဆက်ပြီးတော့ ကျူးလွန်ခွင့်ပေးနေတယ်ဆိုလို့ရှိရင်တော့ ကျမတို့ ဘယ်တော့မှ နစ်နာသူတွေရဲ့ တရားမျှတမှုကို ပြန်လည်ကုစားမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဒီလူတွေကို နစ်နာတဲ့သူတွေဘက်ကို သူတို့ရဲ့ တရားမျှတမှုတွေကို ဖော်ဆောင်ဖို့အတွက် ပြန်လည်ကုစားရေး လုပ်ဆောင်ဖို့အတွက်ဆိုလို့ရှိရင် အခု ကျူးလွန်တဲ့သူတွေကို ကျမတို့ ထိထိရောက်အပစ်ပေး အရေးယူဖို့လိုတယ်။”လို့ပြောပါတယ်။

အမျိုးသမီးအရေးလို့ ဆိုလာရင် အမျိုးသားတွေက မဆိုင်သလို နေလို့မရဘဲ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ဆိုတာ အမျိုးသားတွေကလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့အတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့  အမျိုးသမီး  Social Influencer တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။

Social Influencer မီရှဲလ်က “စစ်မြေပြင်မှာဆိုရင် အမျိုးသမီးနဲ့ ကလေးတွေက ပိုခံကြရပါတယ်။ စစ်ဘေးရှောင်ရတဲ့ပြည်သူတွေ၊ သတ်ဖြတ်ခံရတဲ့သူတွေရှိပါတယ်။ တကယ်ကို မွေးထားတဲ့သူရှေ့မှာ အရုပ်တရုပ်လို ရက်ရက်စက်စက် သတ်ပြတယ်။ တိုင်းရင်းသားဒေသတွေမှာ ဗမာစစ်တပ်ဆိုရင် ခါးခါးသီးသီးမုန်းတယ်။ ဒါ့အပြင် မိန်းကလေးဖြစ်ရင် ပညာမသင်ပေးဘူး။ ကျန်းမာရေး၊ ပညာရေးအတွက် အရာရာမှာ နှိပ်ကတယ်။ ပြီးတော့ ဝေးလံတဲ့ ဒေသတွေမှာ အရင်ကတည်းက ရှိခဲ့တာကို ကျမတို့ မသိခဲ့ရပါဘူး။ အခု ဆိုရင် စစ်ဘေးက မြန်မာနိုင်ငံ တနိုင်ငံလုံး နိုင်ငံအနှံ့ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေက ပိုများလာတယ်ဆိုတာကို သိလိုက်ရတယ်။ ဒီလိုမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတာကို ပပျောက်ဖို့အတွက် တတ်နိုင်သမျှ ဝိုင်းကူကြမယ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးကြဖို့ ကျမ တောင်းဆိုပါရစေရှင့်။ ”လို့ ပြောပါတယ်။

ဒီနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ ဘက်လိုက်မှုတွေ ချက်ချင်းရပ်ဖို့ဖြစ်ပြီး  အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံကတော့ ဒီနေ့မှာ ထမီသပိတ်လှုပ်ရှားမှုပြုလုပ်ကြဖို့နဲ့  တော်လှန်လူထုမှ တစ်ခဲနက်ပါဝင်ခြင်းဖြင့် အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းကြဖို့ တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေး တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့အတွက် အတူတကွတိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ရဲရဲတောက် ဆန့်ကျင်နေကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကမ်ပိန်းမှာ အတူတကွပါဝင်ဆင်နွှဲပေးဖို့လည်း အမျိုးသမီးအရေးလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို နေရာအနှံ့အပြားမှာ ပြုလုပ်နေကြသလို ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာလည်း  မနေ့က  ကရင်နီစစ်ပြေးဒုက္ခသည် အမျိုးသမီးတွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းပွဲနဲ့အတူ ပူးတွဲ ကျင်းပခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024