ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းရှိ ပန်ထိုလိန် ကျေးရွာအုပ်စု ခိုခမ်းကျေးရွာမှာ မတ်လ ၅ ရက်နေ့ မနက် ၈ နာရီအချိန်က မြေမြှုပ်မိုင်းပေါက်ကွဲပြီး ကစားနေတဲ့ ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ကလေး ၃ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ရွာထဲမှာ ကလေးတွေ စုပြီး ဆော့နေတဲ့အချိန် မိုင်းပေါက်ကွဲတာ။ အများစုက ကလေးတွေ ဖြစ်နေတာ၊ ဆော့ရင်းနဲ့ ပေါက်တာဆိုတော့ တနှစ်အရွယ်ကလေး အပါအဝင် ၃ ဦးက နေရာမှာပဲ ဆုံးသွားတယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၁၁ ဦးကိုတော့ လားရှိုးမြို့စစ်ဆေးရုံကို ပို့ဆောင်ထားပြီး ကလေးငယ်အချို့ ခြေလက်တွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။
ဒေသခံတဦးက "တိုက်ပွဲငြိမ်နေတာ ၁၀ ရက်လောက်ရှိပြီ။ တိုက်ပွဲအတွင်းမှာ ထောင်ခဲ့တဲ့ မိုင်းထင်တယ်။ ဘယ်အဖွဲ့က ထောင်ခဲ့တဲ့ မိုင်းလဲဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
မိုင်းယော်တိုက်နယ်အတွင်းမှာ ဖေဖော်ရီ ၂၅ ရက်နေ့တုန်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MMDAA တို့ ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများခဲ့လို့ လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့ပါတယ်။