အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နားမှာ မတ်လ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ PDF-Zoland ကနေ သိရပါတယ်။
ရိခေါ်ဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲကို PDF-Zoland ၊ CDM-Siyin ၊ CNDF ၊ CNA နဲ့ CDF-Hualngo တို့ ညီနောင်မဟာ မိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ဒဏ်ရာရတဲ့သူ တချို့ ရှိတယ်လို့ ဆိုပါတယ်။
“အိန္ဒိယ-မြန်မာ နယ်စပ်က ရိခေါ်ဒါရ်မြို့ အမှတ် ၂ ရက်ကွက် တီအိုချောင်းနံဘေးက တောင်ကုန်းပေါ်မှာ ဒီကနေ့မနက် ၅ နာရီလောက်က ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်တာဟုတ်ပါတယ်ဗျ။ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေ တစ်နာရီကျော်လောက် ဆက်တိုက်ကြားရတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ရိခေါ်ဒါရ်မြို့က ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက်ဟာ အိန္ဒိယ နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အိန္ဒိယနိုင်ငံဘက်ကလည်း လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။