မြန်မာပြည်တွင်းမှာ စက်သုံးဆီ လက်လီဈေးနှုန်းတွေ ဆက်တိုက်တက်နေတာကြောင့် ဆီဆိုင်တွေ ရောင်းအားကျဆင်းလာပြီး တနိုင်တပိုင် ရောင်းချသူတွေ လုပ်ငန်းရပ်ဆိုင်းရတဲ့အထိ ဖြစ်လာပါတယ်။
မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီ လက်လီဈေးတွေဟာ တလီတာကို ငွေကျပ် ၂၀၀ နီးပါး ဈေးထပ်တက်ခဲ့တာကြောင့် ဆီဆိုင်တွေမှာ တလီတာကို ငွေကျပ် ၂,၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေကြပါတယ်။
စက်သုံးဆီဈေးနှုန်းဟာ မတ်လ ၂ ရက်နေ့အထိ အောက်တိန်း 95 တလီတာကို ၁,၇၈၀ ကျပ်၊ အောက်တိန်း 92 တလီတာကို ၁,၇၃၀ ကျပ်အထိ ဈေးပေါက်ခဲ့ရာကနေ အောက်တိန်း 92 တလီတာကို ၁,၉၉၀ ကျပ်အထိ ဈေးတက်ခဲ့တာပါ။
စက်သုံးဆီဈေး အဆမတန် တက်လာတာဟာ ဝယ်ယူသုံးစွဲသူတွေ အတွက်သာမက တင်သွင်းရောင်းချသူတွေ အတွက်ပါ ကြီးမားတဲ့ အခက်အခဲ ဖြစ်လာပါတယ်။
စက်သုံးဆီ တင်သွင်းရောင်းချသူတဦးက “ဆီဈေးတက်တာက လုပ်ငန်းရှင်တွေအတွက် မကောင်းဘူး။ ဒီနေ့ဝယ်တဲ့ဆီက မနက်ဖြန်ကျ အရှုံးဖြစ်ရတယ်။ ဆီဈေးငြိမ်နေမှ လုပ်ရကိုင်ရ အဆင်ပြေတာ။ အခုအခြေအနေက ရောင်းသူတွေလည်း ထိတယ်။ ဆိုင်ကြီးတွေ ရောင်းအားကျတယ်။ ဆိုင်ငယ်တွေ ပိတ်လိုက်ရတယ်” လို့ ပြောပါတယ်။
ရန်ကုန်မှာ စက်သုံးဆီအရောင်းဆိုင်အလိုက် တလီတာဈေးနှုန်း ၂,၀၀၀ ကျပ်ဝန်းကျင် ရှိနေပေမယ့် နယ်က စက်သုံးဆီအရောင်းဆိုင် တချို့မှာ ငွေကျပ် ၂,၀၀၀ ကျော်အထိ ဈေးတက်သွားတယ်လို့ ဝယ်ယူသုံးစွဲသူတွေက ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီဈေးကို ထိန်းဖို့ ဒေါ်လာတွေ ထုတ်ရောင်းခဲ့ပေမယ့် ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်တာ၊ ရုရှား-ယူကရိန်း စစ်ရေးအခြေအနေတွေက စက်သုံးဆီ တင်သွင်းရောင်းချတဲ့ လုပ်ငန်းတွေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။
စက်သုံးဆီ တင်သွင်းရောင်းချသူတဦးက “အရင်က စင်ကာပူကနေ တဆင့်ခံပြီး ကြိုဝယ်လို့ရတယ်။ အခု အဲဒီလို ဝယ်ယူခွင့်မရတော့ဘူး။ အဲဒီအကျိုးဆက်က ပိုခံရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ဖေဖော်ဝါရီလထဲမှာ စက်သုံးဆီဈေးထိန်းချုပ်ဖို့ နောက်ဆုံးအနေနဲ့ ဒေါ်လာ ထုတ်ရောင်းပေးခဲ့တာဖြစ်ပြီး ကမ္ဘာ့အရေး မတည်မငြိမ်ဖြစ်လာပြီး နောက်ပိုင်း ရေနံဈေး တရှိန်ထိုး တက်လာချိန်မှာတော့ ဒေါ်လာတွေ ထပ်ပြီး မရောင်းချတော့ပါဘူး။
စက်သုံးဆီဈေး တက်လာတာကြောင့် အခြေခံပြည်သူတွေဟာ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ကြုံတွေ့နေရပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ တက္ကစီတွေလည်း ဆီဈေးတက်လာတာကြောင့် လုံးဝ တွက်ခြေမကိုက်တော့ဘူးလို့ ဆိုပါတယ်။
တက္ကစီယာဉ်မောင်းတဦးက “ကျနော်လည်း ကားပြန်အပ်တော့မလို့။ ဘယ်လိုမှ အဆင်မပြေဘူး။ ခရီးသည်ကလည်း ဈေးပိုမပေးနိုင်ဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက နိုင်ငံစီးပွားရေးကို နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘဏ်စနစ် အပါအဝင် စီးပွားရေးလုပ်ငန်းတွေဟာ ပြိုလဲမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ထွက်ခွာသွားသလို ပြည်တွင်း ငွေကြေးလိုအပ်ချက်ကိုလည်း မဖြည့်ဆည်းနိုင်တာကြောင့် အလုံးစုံပျက်စီးမယ့် အလားအလာတွေလည်း ဖြစ်ပေါ်လာပါတယ်။
စီးပွားရေး ကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးပြဿနာကို ပြေလည်မယ့် အဖြေတခု မရှာနိုင်ရင် စီးပွားရေးပြဿနာကိုလည်း ထိန်းနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။