Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး အောင်မြင်မှာ သေချာနေပြီဟု ကေအန်ယူ တာဝန်ရှိသူပြော
DVB
·
March 3, 2022

တူမီးနဲ့တိုက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းနေရတဲ့ အနေအထား ဖြစ်နေတာကြောင့် ပြည်သူ့နွေဦးတော်လှန်ရေးဟာ အောင်မြင်မှာ သေချာနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တဦးက ပြောပါတယ်။ 

လတ်တလော ကရင်၊ ကရင်နီ၊ ကချင်နဲ့ စစ်ကိုင်းဒေသတွေမှာ စစ်ကောင်စီတပ်တွေက မြေပြင်ဝေဟင်ကနေ အပြင်းအထန်တိုက်ခိုက်နေရတဲ့အပေါ် ကေအန်ယူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး  သုံးသပ်ပြောလိုက်တာ ဖြစ်ပါတယ်။   

“စစ်အာဏာသိမ်းပြီးနောက် သုံးလာတဲ့ လေယာဉ်ပျံနဲ့ တိုက်ခိုက်တာက ကျနော်တို့ ကရင်ဒေသတခုတည်းမှာ မဟုတ်တော့ဘူး။ တခြားဒေသမှာကော၊ ကရင်နီဒေသမှာကော၊ ရှမ်းပြည်ဘက်မှာရောပေါ့နော်။ အခုနောက်ဆုံး တူမီးသေနတ်နဲ့ပဲ ပြန်ပြီး‌တော့ တော်လှန်တိုက်ခိုက်နေတဲ့ လူတွေဆီကိုလည်း သူတို့ လေယာဉ်နဲ့သုံးမှ ရနိုင်တဲ့အနေအထားဆိုတော့ ဒါကတော့ ရှင်းနေတာပဲ၊ ဒီတိုက်ပွဲ ဘယ်သူအောင်မလဲဆိုတာ။ တူမီးနဲ့ တိုက်နေတဲ့လူကို လေယာဉ်ပျံနဲ့ ပြန်ပြီးတော့ ဖြိုခွင်းတဲ့အနေအထားဆိုတော့ အဲဒီတိုက်ပွဲကို ကျနော်တို့ မေးခွန်းထုတ်စရာမလိုတော့ဘူး။ လုပ်စရာရှိတာလုပ်ရမယ်။ အဲဒီအောင်ပွဲက ကျနော်တို့အတွက်ပဲ။ ကျနော်တို့ လုပ်နိုင်တဲ့ အနေအထားမှာ ကျနော်တို့ လုပ်မယ်။ တရားမျှတမှု မရှိတာ မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုစစ်တိုက်တာက တရားမျှတမှု လုံးဝမရှိတော့ဘူး။ သူတို့အနေအထား သူတို့အင်အားအလွန်အကျွံသုံးနေတာတောင်မှ အောင်ပွဲဆိုတာ သူတို့အတွက် ဘာမှ ဖော်ပြစရာမရှိဘူး။ လူထုက သူတို့ကို ခါးခါးသီးသီးဖြစ်လာနေတဲ့အချိန်မှာ ကျနော်တို့ လူထုတိုက်ပွဲက အောင်ကိုအောင်မှာ။”

ပြည်သူလူထုကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းနေတဲ့အတွက် စစ်တပ်နဲ့ စစ်ကောင်စီဟာ တနိုင်ငံလုံးက လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ထောက်ခံမှု ဆုံးရှုံးသွားရပြီလို့လည်း ကေအန်ယူတာဝန်ရှိသူက ဆက်ပြောပါတယ်။ 

“စစ်တပ်ဘက်က  ဆုံးရှုံးသွားတဲ့အခါမှာ အရာရာတိုင်းကို အင်အားနဲ့ပဲ ဖြိုခွင်းမယ်၊ အနိုင်ယူမယ်ဆိုတဲ့ မပြောင်းလဲနိုင်တဲ့ သူ့ရဲ့သဘောတရားတခုကတော့ အရင်ကတည်းက ကိုင်ထားတာ၊ လူထုအပေါ်မှာ ဒီလို ဆက်ဆံလာတဲ့အခါကျတော့ မြို့ရော၊ တောရော အကုန်လုံး လုပ်တဲ့အရာမှန်သမျှ လူထုကို သတ်ဖို့ဖြတ်ဖို့ပဲ လုပ်တဲ့အခါကျတော့ လူထုရဲ့ စိတ်တွေ ကြောက်စိတ်တွေ ဖုံးလွှမ်းသွားပြီး သူတို့ကို လှန်နိုင်တဲ့အနေအထား ရှိရမယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက်နဲ့ သူတို့လုပ်သွားတာ။ အခုက သူတို့ ရလိုက်တဲ့အဖြေက လူထုက သူတို့ကို ခါးခါးသီးသီး မုန်းတီးသွားပြီးတော့ လူထုတွေက သူတို့ရဲ့ ရန်သူ အကုန်လုံးဖြစ်သွားတယ်။ အဲဒါ သူတို့ဘက်က ဆုံးရှုံးသွားတဲ့အရာ ဖြစ်တယ်။ ကျနော်တို့အတွက် ရတဲ့အရာက ဘာလဲဆိုတော့ လူထုတယောက်ချင်းစီ၊ တယောက်ချင်းစီက၊ ဒီတော်လှန်ရေး ငါတို့နဲ့ ပတ်သက်တယ်၊ အဲဒီအမြင်တွေက ကျနော်တို့က အခုက နှစ် ၇၀ လုံး လုံးပမ်းလာတာ အခုမှ ရတဲ့အနေအထားမှာ ရောက်သွားတာ။ ဆိုတော့ ဒါကျနော်တို့ တော်လှန်ရေးအတွက် တကယ့်အင်အားပဲ။ ဆုံးရှုံးမှုတွေ လုပ်တဲ့အပိုင်းမှာတော့ ပြောစရာကိုမလိုဘူး။ ဘာလို့လဲဆိုတော့ မြို့ပေါ်မှာ သူတို့ သတ်ဖြတ်နေတဲ့ဟာတွေကို မျိုးစုံပဲ၊ ကျနော်တို့ ဖော်ပြလို့တောင်မကုန်ဘူး။ တောမှာလည်း ထစ်ခနဲဆိုရင် လူထုတွေကို သွားပြီးတော့ သတ်ဖြတ်တာ၊ လေယာဉ်ပျံဗုံးကြဲတာ ကျနော်တို့ တောက်လျှောက်ပဲ၊ ဒီအနေအထားကလည်း နိုင်ငံတကာ မျက်နှာစာမှာ ရောက်လာတယ်။ ဆိုတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျနော်တို့ ဖော်ပြလို့ မရနိုင်တဲ့နေအထားမှာရှိနေတဲ့အခါကျတော့ ဒီတော်လှန်ရေးတခုလုံးမှာ လူထုက ဒီတော်လှန်ရေးထဲမှာ လူထုက မပါချင်ဘဲ ပါလာရတဲ့ အနေအထား ရောက်လာတယ်ဆိုတာ ဒီစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့်ပဲဖြစ်တယ်။ ”

နိုင်ငံတကာ သံတမန်ရေးမှာလည်း  စစ်ကောင်စီဟာ ရှုံးနိမ့်နေတယ်လို့  ပဒိုစောတောနီးက ဆိုပါတယ်။  

“ဆိုတော့ နောက်ထပ် နိုင်ငံတကာ မျက်နှာစာမှာ ဘယ်လိုရှိလဲဆိုတော့ ကျနော်တို့ ဒီနေ့ အန်ယူစီစီကို ဖွဲ့စည်းလာတဲ့အခါမှာ နိုင်ငံတကာဆက်ဆံရေး၊ သံတမန် ဆက်ဆံရေးပိုင်းမှာတော့ ကုလသမဂ္ဂအလယ်မှာ စစ်ကောင်စီက ဘယ်လိုမှ နေရာမရဘူးဆိုတာ ရှင်းနေတာပဲ။ ဒါ ကျနော်တို့ ဆက်တွန်းရမယ့်ကိစ္စ  ဖြစ်တယ်။ ကျနော်တို့ ရှေ့ဆက်ရမယ့်ဟာကတော့ ပြည့်စုံမှုမရှိပေမဲ့ ကျနော်တို့ အခြေခံကောင်းရသွားပြီ။ ကျနော်လည်း ပြောထားတယ်။  ၂၀၂၂ က ဒီမတရားမှုကို အလဲထိုးရမယ့်နှစ်လို့ ရှင်းရှင်းပြောထားတယ်။ အဲဒါကို ကျနော်တို့ ဒီနေ့ကစပြီးတော့ ဘာမှ သံသယဖြစ်စရာမလိုဘူး။ ကျနော်တို့ မူဝါဒက ရှင်းတယ်။ ဒီအာဏာသိမ်းတဲ့အဖွဲ့ကို ဖြုတ်ချရမယ်။”

လက်ရှိ အခြေအနေမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ တွန်းလှန်ဖယ်ရှားနိုင်ဖို့ ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားတွေ ညီညွတ်ကြရမယ်လို့လည်း ကေအန်ယူတာဝန်ရှိသူက တိုက်တွန်းသွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024