Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့အမှု စွဲချက်တင် အမိန့်ချ
DVB
·
March 3, 2022

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲဆိုထားတဲ့အမှုအတွက် စွဲချက်အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့  နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ မတ်လ ၃ ရက် ဒီကနေ့ ရုံးထုတ်ခဲ့ပြီး ဦးညီပုနဲ့ ဦးမင်းအောင်တို့ရဲ့ရှေ့နေတွ ခရီးလွန်နေတာကြောင့် တရားခွင်မတက်ရောက်နိုင်ခဲ့ပေမဲ့ စွဲချက်လျှောက်လဲချက်ပေးခဲ့ကြပြီး စွဲချက်အမိန့်ပါ တစ်ခါတည်းချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လာမယ့် မတ်လ ၁၀ ရက်နေ့ကို ထပ်မံရုံးချိန်း ချိန်းဆိုလိုက်ပြီး ပြန်ခေါ်သက်သေတွေ ဆက်လက်စစ်ဆေးသွားဖို့ရှိနေပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ တရားစွဲဆိုထားသလို ဝန်ကြီးဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ထားသလို အဂတိမှု ၃  မှုနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရပါတယ်။ ဒါ့အပြင် ဝန်ကြီး ဦးမင်းအောင်ဟာလည်း  အဂတိမှုနဲ့ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024