ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ် ပန်လော့ကျေးရွာမှာ မတ်လ ၂ ရက် ည ၁၂ နာရီကျော်က ဟင်းချက်ရာကနေ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးမိုင်းအိုက်လူနဲ့ ၃ နှစ်အရွယ် သမီးငယ် မီးလောင်သေဆုံးသွားပါတယ်။
မီးလောင်ရာကို လာရောက်ကူညီပေးတဲ့ ပရဟိတလုပ်ကိုင်သူ ကိုမိုင်းဘိုလင်းထွန်းက "ည ၁၂ နာရီကျော်လောက်က သူတို့အိမ် မီးစလောင်တာ။ အဲဒီအိမ်က မနက်စောစော တောင်ယာသွားတတ်တော့ ညကတည်းက ဟင်းချက်ထားရင်း မီးလောင်တာပါ။ သူ့အဖေက ၃ နှစ်အရွယ် သမီးလေးကို ဝင်ကယ်ဖို့ ကြိုးစားရင်း နှစ်ယောက်လုံး မီးထဲပါသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးကျန်နေတဲ့ သမီးငယ်လေးကို ကယ်ဖို့ ကြိုးစားရင်း အဖေရော သမီးပါ မီးထဲပါသွားတာလို့ ဆိုပါတယ်။
ဦးမိုင်းအိုက်လူတို့မှာ မိသားစုဝင် ၅ ယောက်ရှိပြီး ဇနီးဖြစ်သူဟာ လားရှိုးမြို့ကို သွားနေတာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် သူတို့အိမ်နဲ့အတူ ဘေးက အိမ်တလုံးပါ မီးထဲပါသွားပါတယ်။
လက်ရှိမှာတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့အိမ်မှာ ကျန်ခဲ့တဲ့ သားအမိ ၃ ဦးနဲ့ မီးထဲပါသွားတဲ့ ဘေးအိမ်က မိသားစု ၃ ဦးတို့ဟာ တခြားနေအိမ်တွေမှာ ယာယီ နေထိုင်နေကြရပါတယ်။