ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ ညောင်ပင်ကုန်းအတက်မှာ အသက် ၃၉ နှစ်အရွယ် အမျိုးသား ၁ ဦး မတ်လ ၂ ရက် ဒီနေ့ ညနေ ၃ နာရီလောက်က သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကထံက သိရပါတယ်။
သေဆုံးသူဟာ ဦးစိုးမိုးဇော်ဖြစ်ပြီး ဇနီးဖြစ်သူနဲ့ ဆိုင်ကယ်အတူစီးလာစဉ် လူတစ်ဦးက သေနတ်နဲ့ ခေါင်းကို ၂ ချက် ပစ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သူက ကရင်လူမျိုး၊ အေးဆေးနေတတ်တဲ့သူပဲ။ သူတို့ လင်မယားဆိုင်ကယ်စီးလာတော့ လူတစ်ယောက်က အနီးကပ် သေနတ်နဲ့ ၂ ချက် ခေါင်းတေ့ ပစ်သွားတာ။ နေရာမှာပွဲချင်းပြီးပဲ။ လုပ်တာက ပျူစောထီးလားလို့ပေါ့ ကျနော်တို့ ဒေသခံတွေက ထင်ကြတာပေါ့။ အခုတော့ သူ့မိန်းမနဲ့ သားတစ်ယောက် သမီးတစ်ယောက်ပဲ ကျန်ခဲ့တာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ အရင်က ဖားကန့်မြို့ အေးမြသာယာရပ်ကွက်မှာ ရုံးအကူ လုပ်ခဲ့ဖူးပြီး စစ်အာဏာသိမ်းပြီးချိန်ကစပြီး ရုံး အလုပ်မလုပ်တော့ဘဲ CDM လုပ်ဆောင်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။
အခုချိန်ထိလည်း အေးမြသာယာရပ်ကွက်ရုံးပိတ်ထားပြီး CDM လုပ်ဆောင်ထားကြတာလို့ သိရပါတယ်။