ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၆၆ ဦး ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁ ရက် နေ့လယ် ၁၂ နာရီမှ မတ်လ ၂ ရက် နေ့လယ် ၁၂ နာရီထိ တရက်တာကာလအတွင်း နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များက ကန်ကျနပူရီခရိုင် နေရာပေါင်း ၆ နေရာကနေ တရားမဝင် မြန်မာ ၆၆ ဦး ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ဆိုင်းယုဒ်မြို့နယ် ကျေးရွာအုပ်စု ၂ ခုမှ အမျိုးသား ၃၅ ဦး အမျိုးသမီး ၁၃ ဦးကိုလည်းကောင်း၊ ဆန်ခလပူရီမြို့နယ် ကျေးရွာ ၃ ရွာမှ အမျိုးသား ၃ ဦး အမျိုးသမီး ၅ ဦးကိုလည်းကောင်း၊ ကန်ကျနပူရီမြို့နယ်မှ အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦး စုစုပေါင်း ၆၆ ဦးနဲ့ လမ်းပြ ၇ ဦးတို့ကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
သူတို့ဟာ မြန်မာပြည် မော်လမြိုင် ၊ ရန်ကုန် ၊ ပဲခူး နဲ့ ရခိုင်ဒေသကဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ မှ ၃၀၀၀၀ ထိပေးကာ ဝင်ရောက်လာကြောင်း၊ ကိုဗစ်-၁၉ စစ်ဆေးဖို့ ကိုယ်အပူချိန်တိုင်းရာမှာ အားလုံး ပုံမှန်ဖြစ်ပြီး လဝကဥပဒေနဲ့အရေးယူဖို့ ခရိုင်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။