Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှ အိုးအိမ်စွန့်ထွက်ပြေးရသူ ၂ သိန်း ၂ သောင်းကျော်ရှိလာ
DVB
·
March 2, 2022

စစ်အာဏာသိမ်းကာလ တနှစ်ကျော်အတွင်း တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူ ၂ သိန်း ၂ သောင်း ကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသူတွေထဲမှာ ကယားပြည်နယ်က လူဦးရေ ၉၂,၄၀၀၊ ကရင် ပြည်နယ်မှာ ၆၈,၄၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၆၀,၅၀၀၊ မွန်ပြည်နယ်မှာ ၇,၅၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၂,၆၀၀ နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ လောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တွေက လူဦးရေ ၃,၃၇၀ လောက်ဟာ ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ရပ်စောက်၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တွေဆီ ဖေဖော်ဝါရီ ၁၆ ရက်ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်တွေအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုက်ပွဲရှောင်ထွက်ပြေးလာ သူဦးရေ ၅,၀၀၀ လောက် နေထိုင်နေတဲ့ ယာယီစခန်းတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ လိုအပ်ချက်မြင့်တက်လာတဲ့ အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ ရရှိရေးအတွက် မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းကူညီပေးနိုင်အောင် ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

တချိန်တည်းမှာပဲ လူဦးရေ ၇,၀၀၀ လောက်ဟာ မူလနေထိုင်ရာ နေရာတွေကို ပြန်လာခဲ့ကြပြီး အဲဒီလို ပြန်လာကြသူတွေထဲမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးလာရသူဦးရေ ၄,၇၄၀ အပြင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ရှမ်းပြည်နယ်တောင်ပိုင်းဆီ ယာယီရွှေ့ပြောင်း နေထိုင်ရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

အခုဖြစ်ပွားနေတဲ့ conflict dynamics အခြေအနေအရ ကယားပြည်နယ်ဆီ ပြန်လာမှုတွေဟာ ယာယီဖြစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ပြန်လည်ဖြစ်ပွားမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024