ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်ရှိ နေအိမ်တအိမ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၅ ဦးကို ဖမ်းဆီးရမိပြီး ၃ ဦးမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ ထိုင်းကြည်းတပ် Royal Thai Army လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
မယ်ပရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မသင်္ကာဘွယ်လူတွေ ရှိနေကြောင်း တိုင်ကြားချက် ရတဲ့အတွက် စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူဟာ ဒီနေ့မနက်က အဆိုပါနေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ အိမ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိပြီး အိမ်အနီးရပ်ထားတဲ့ ကားတစီးကိုလည်း သွားရောက်စစ်ဆေးရာမှာ အထဲမှာ သူတို့စားဖို့ယူလာတဲ့ ထမင်းထုပ် ၃၇ ထုပ်ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ထမင်းပို့သမားကိုပါ ဖမ်းထားလိုက်ပြီး အားလုံးကို ATK Test စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်အရ ၃ ဦးမှာ ပိုးကူးစက်ခံထားရပြီး ဥပဒေအရ ဆက်လက်အရေးယူဖို့ မဲဆောက်လဝကရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဖော်ပြထားပါတယ်။