စစ်ကိုင်းတိုင်း ကနီမြို့နယ်တောင်းခြမ်းမှာရှိတဲ့ ကျေးရွာအနီးတွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီလောက်မှာ လေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
ချောင်းမအနောက်ရွာသားတဦးက “ကျနော်တို့ ရွာနဲ့အနီးတဝိုက် တောပြင်တွေဘက် လေယာဉ်ပေါ်ကနေ ဒီကောင်တွေ ပစ်ခတ်ခဲ့တာ။ ရွာကလူတွေကတော့ ကြောက်တော့ ကစဥ့်ကလျား ဟိုပြေး ဒီပြေးကြတာတွေတော့ ရှိတယ်။ အထိအခိုက်အကျဆုံးကတော့ အတိအကျ မသိရသေးဘူး။ ဒီကောင်တွေ ပစ်ခတ်ခဲ့တာက လင်ပုန်းရည်ရွာ၊ ဇီးပင်တွင်းရွာနဲ့ ချောင်မအနောက်ရွာအနီးမှာရှိတဲ့ တောပြင်တွေထဲ ပစ်ခတ်ခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကနီမြို့နယ်အတွင်း နယ်မြေစိုးမိုးမှုရနိုင်အောင် မင်းကင်း-ကနီ-မုံရွာ လမ်းတွေကနေ အဓိက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီနေ့မှာတော့ ယင်းမာပင်မြို့နယ်ဘက်ကနေ လေကြောင်းပစ်တာတွေပါ စစ်ကောင်စီဘက်က အသုံးပြုတိုက်ခိုက်လာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။