ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ တကောင်ဘိုးကျေးရွာအုပ်စု၊ နို့သရေးကျေးရွာအတွင်းကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နို့သရေးကျေးရွာသားတွေဖြစ်တဲ့ စောဖားလား အသက် ၅၀ နှစ်၊ ညာဘက် လက်ကောက်ဝတ်ကို ထိမှန်ခဲ့သလို စောပြည့်စုံ အသက် ၁၄ နှစ်၊ ညာဖက်ချိုင်းအောက်ကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
တကောင်ဘိုးကျေးရွာသားတစ်ဦးက” လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ၂ ယောက် ကျည်စတွေထိတယ်။ အခု ဆေးကုခံနေရတယ်။ ကျနော်တို့ ရွာသားတွေက မြေစာပြင် ဘဝပါဗျာ။ တိုက်ပွဲတွေဖြစ်ရင် အပြစ်မဲ့တဲ့ ကျနော်တို့ရွာသားတွေပါ သေနေရတယ်။ စစ်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်ပြီ”လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ည ၉ နာရီခွဲလောက်က သထုံမြို့နယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခမရ ၉ တပ်စခန်း(ကြခတ်ချောင်း)ကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နော်ဖောဂေရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်မျက်နှာကြက်၊ အကာ၊ သွပ်ပြားတွေ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်းပါ ထိမှန်ပျက်စီးခဲ့ပါတယ်။
အဆိုပါနေ့မှာပဲ ပိန္နဲတောကျေးရွာမှာ အခြေချထားတဲ့ စကခ ၈ တပ်စခန်းက လက်နက်ကြီး ၄ ချက် ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ဒုံသမိချောင်း တစ်ဖက်ကမ်းမှာ ၃ လုံးကျရောက်ပေါက်ကွဲခဲ့သလို ပရစ်ခိုကျေးရွာအနီး လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂ နာရီလောက်က တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကွမ်းပင်ကျေးရွာအုပ်စု၊ ကပီခီးကျေးရွာတွင်းကို နယ်ခြားစောင့်တပ် (BGF) အမှတ်-၁၀၁၃ တပ်ရင်းက ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရရှိခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေပါ ထိမှန်သေဆုံးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို သတိထားနေထိုင်ကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားလာရင် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ ကေအန်ယူက အသိပေး နှိုးဆော်ထားပါတယ်။