ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရွှေတောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက တောဆင်းရိုင်းနင်းတာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွား တယ်လို့ သိရပါတယ်။
မောင်တော ၄ မိုင်ကျေးရွာအုပ်စုတာဝန်ခံက “ဟုတ်ပါတယ်။ သူတို့က ၃ ဦး ဒီနေ့မနက် ၇ နာရီကျော်လောက်မှာ တောထဲကိုဟင်းရှာကြစဥ်မှာ တောဆင်ရိုင်းနဲ့တွေ့ပြီး အသတ်ခံလိုက်ရတာပါ။ ၁ ဦးသေတယ်။ ၁ ဦးဒဏ်ရာရပြီး မောင်တောဆေးရုံကို ပို့ထားတယ်” လို့ ပြောပါတယ်။
သူတို့ ၃ ဦးဟာ ရွာနဲ့ ၆ ဖာလုံလောက်အကွာမှာ ဟင်းရှာနေကြစဥ် တောဆင်နဲ့တွေ့ပြီး ထွက်ပြေးကြစဥ် ဆင်နှင်းခံရတာကြောင့် အသက် ၃၁ နှစ်အရွယ် မဦးညွှန်စိန် သေဆုံးခဲ့ပြီး အသက် ၆၂ အရွယ် ဒေါ်သာအေးစိန်ကတော့ ဒဏ်ရာရခဲ့ကာ မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အမျိုးသမီးမှာ သားသမီး ၃ ဦးကျန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအဖော်ကွဲလူသတ်တောဆင်ရိုင်းမှာ မောင်တောဒေသအနှံ့ သွားလာနေတာလို့ အထက်ကံသာယာကျေးရွာတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နဲ့ ၂၀၂၁ ခုနှစ်က အဆိုပါတောဆင်းရိုင်းနင်းခံရတာကြောင့် မောင်တောမြို့နယ်တောင်ပိုင်း အထက်ကံသာယာကျေးရွာသား တစ်ဦး၊ ဗောဓိကုန်းကျေးရွာသားတစ်ဦးနဲ့ ကျောက်ချောင်းကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ဆေးကုခံယူခဲ့ကြရသူတွေလည်း ရှိခဲ့ပါတယ်။
တောဆင်ရိုင်းအား သတ်ခွင့်ကို ဥပဒေအရ တားဆီးထားတာပါ။