စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ ကျေးရွာပေါင်း ၃၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖဝါရီ ၁၅ ရက်နေ့က စတင်ကာ ရှမ်း-ကယားနယ်စပ် ကျေးရွာတွေကို ခြေလျင်စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး ဝေဟင်ကနေလည်း ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအပြင် လက်နက်ကြီးတွေနဲ့လည်း နေ့စဉ်ရက်ဆက် အဆမတန် ဗုံးကြဲပစ်ခတ်နေတာကြောင့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာက ပြည်သူလုထုနေအိမ်တွေ အကြီးစား ထိခိုက်ပျက်ဆီးကာ အရပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတစ်ဦးက “အကြမ်းဖက်စစ်တပ်က လေယာဉ်တွေနဲ့ နေ့စဉ်ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ် အဆမတန်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတယ်။ ဗုံးကြဲလို့ လူနေအိမ်တွေ ထိခိုက်ပျက်ဆီးတယ်။ ပြည်သူတွေလည်း ဒဏ်ရာရ သေဆုံးတာတွေရှိတယ်” လို့ ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်တိုက်ပွဲတွေအတွင်း ဓာတု (သို့) မီးလောင်ဗုံး၊ ပေါက်ကွဲမှုပြင်ထန်းတဲ့ ပေါင် ၅၀၀ ဗုံးတွေကို အလွန်အကျွံအသုံးပြုလာနေပြီး လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
“ဒီနှစ်ဆန်းပိုင်းကစပြီး အကြမ်းဖက်တပ်က ဓာတုဗုံးနဲ့ မီးလောင်ဗုံးတွေ ပေါင် ၅၀၀ ဗုံးတွေ သုံးပြီး အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေအတွင်းကို ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်။”
လက်ရှိဖြစ်ပွားနေတဲ့ ရှမ်း-ကယားနယ်စပ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရပ် သားပြည်သူတွေရဲ့ ကျေးရွာတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အပါအဝင် လီဝိုး၊ ဆင်တောင်၊ ခူးပရာထူး၊ အိုကေ၊ အောင်သာယာ၊ ကပ်ဖယ်ခူ၊ နမ့်စံခမ်း၊ ဖာလိုင်၊ ဝီသဲကူ(တောင်)၊ ဝီသဲကူ(မြောက်)၊ သာယပ်၊ ဒေါသဆေး၊ အိုကေထူး၊ ဒေါကမီ၊ ကျွန်းတော၊ ဒေါပီတ၊ ဒေါလားလီ၊ ဒေါပေါ်ကူး၊ စီလင်း၊ ဆီလီဒုံ၊ ပူဖား၊ ဟန်သောခူ၊ သေးဆူလဲ၊ ဒေါနအူ၊ ဝါသောခူ၊လွယ်ယင်း(မဂ်လာ)၊ လွယ်ယင်း (တောင်ခြေ)၊ ပအိုဝ်းနမ်းဖဲ၊ ဆောင်ပါလန် စတဲ့ကျေးရွာပေါင်း ၃၀ ကျော်က ပြည်သူသောင်းနဲ့ချီပြီး တိမ်း ရှောင်နေရပါတယ်။