Home
ဆောင်းပါး
ဘာကြောင့် အမေရိကန် လက်ရှောင်…
DVB
·
February 27, 2022

ခု ယူကရိန်းဖြစ်စဉ်က ဒီနေ့ကမ္ဘာကြီးအတွက် သင်ခန်းစာသစ်တွေပါပဲ။ “အင်အားကြီးသူက အနိုင်ယူစတမ်း” ဆိုတဲ့ တောရိုင်းဥပဒေ (Jungle Law) တွေ ကမ္ဘာမှာ အတင့်ရဲလာတာ၊ တကယ်တမ်း လက်နက်အားကိုး အနိုင်ကျင့်ခံလိုက်ရပြီဆို ကူသူ ကယ်သူမဲ့ ကမ္ဘာကြီး ဖြစ်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ 

ယူကရိန်းမှာ စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မယ်လို့ အစောကြီးကတည်းက ကြိုပြောခဲ့ကြတယ်။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ အင်အား ၁၀၀၀၀၀ ကျော်နဲ့ စစ်ပြင်နေတယ်ဆိုတဲ့ သတင်းတွေ အစောကြီးကတည်းက ထွက်လာနေတယ်။ နောက်ဆုံးတစ်နေ့ ခုလို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို အင်အားကြီး တခြားတနိုင်ငံက ဗြောင်ကျကျ ကျူးကျော်ဝင်ရောက်သွားလိမ့်မယ်လို့ ဘယ်သူမှ တထစ်ချ ထင်မထားခဲ့ဘူး။ 

စစ်အေးခေတ်လွန်ကာလမှာ ရုရှားဟာ ခုလို နိုင်ငံတနိုင်ငံကို ကျူးကျော်ဝင်ရောက်သွားတာ ဒါ ပထမဦးဆုံးပါ။ သတင်းတွေက​တော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ကျူးကျော်မှုလို့ ဆိုကြတယ်။ တကယ်တမ်း အင်အားအလုံးအရင်းနဲ့ နိုင်ငံတခုထဲ ကျူးကျော်ဝင်ရောက်သွားတဲ့အခါ ကမ္ဘာကြီးက ဘာတတ်နိုင်ခဲ့ပါသလဲ။ ဒီအတိုင်း လက်ပိုက်လို့သာ ကြည့်နေတော့တာပဲ မဟုတ်လား။

“ယူကရိန်းပြည်သူတွေ မိမိတို့နိုင်ငံကို ခုခံကာကွယ်ကြပါ။ ခုချိန်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ ဝင်ပြီး အကာအကွယ်မပေးဘဲ စောင့်ကြည့်နေကြတယ်။ ကျနော်တို့ကိုယ်တိုင် ဒီစစ်ပွဲကို ခုခံတွန်းလှန်ကြရမယ်”လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင် ထွက်ပြောခဲ့ရတယ်။ 

အမေရိကန် အပါအဝင် ဥရောပနိုင်ငံတွေကတော့ ဒီအခြေအနေမျိုးမရောက်ဖို့ သံတမန်နည်းလမ်းနဲ့ အစွမ်းကုန်ကြိုးစားခဲ့ကြတာပဲ။ နောက်ဆုံးမှာတော့ လက်နက်အင်အားကြီးသူက သူလုပ်ချင်သလို လုပ်သွားတဲ့အခါ ကမ္ဘာက လက်ပိုက်ကြည့်လို့သာ နေရတဲ့အဖြစ်ပါ။ ခုဆို ရုရှားတပ်တွေဟာ ကိဗ်မြို့ကို သိမ်းပိုက်ဖို့ အလုံးအရင်း ဝင်ရောက်နေပါပြီ။ စစ်နဲ့ နှစ်ကာလအတန်ကြာဝေးနေတဲ့ သာယာလှပတဲ့ ကိဗ်မြို့ရဲ့ကောင်းကင်မှာ ပေါက်ကွဲသံတွေ၊ မီးတောက်မီးလျှံတွေ ယမ်းနံ့ ညှော်နံ့တွေ၊ စစ်ပြေးဒုက္ခသည်တွေနဲ့ ဝရုန်းသုန်းကား ဖြစ်သွားတယ်။ အေးချမ်းတဲ့မြို့တမြို့ဟာ ရုတ်ခြည်း စစ်မြေပြင်အဖြစ် ပြောင်းလဲသွားတယ်။ 

မနေ့က ကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ ရုရှားရဲ့ ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်မှုကို အရေးယူဆောင်ရွက်ဖို့အဆိုဟာ ရုရှားရဲ့ ဗီတိုအာဏာနဲ့ ပယ်ချခြင်းခံလိုက်ရတယ်။ ဒါဟာ မဆန်းပါဘူး။ လုံခြုံရေးကောင်စီမှာ ဒီအဖြစ်မျိုးက ရိုးနေပါပြီ။ Might is right..။ စကားလုံး သုံးနှုန်းရာမှာတောင် “ပြစ်တင်ရှုတ်ချ” Condemned အစား “အလွန်အကျွံဝမ်းနည်း” Deplored လောက်ပဲ သုံးခွင့်ရခဲ့တယ်။ 

ခု ယူကရိန်းအဖြစ်အပျက်မှာ ဘာ့ကြောင့် အမေရိကန်က လက်ရှောင်နေသလဲ။ 

တစ်ချိန်က ကမ္ဘာ့ပုလိပ်ကြီးဟာ ခုတော့ တွင်းအောင်းသွားပါပြီ။ အမေရိကန်ဟာ ကမ္ဘာ့အရေးအခင်းတွေမှာ စစ်ရေးအရ ဝင်ရောက်တားဆီးမှု (military intervention) မျိုး ဒီဘက်ခေတ်မှာ မလုပ်တော့ပါဘူး။ အထူးသဖြင့် လက်ရှိသမ္မတ ဘိုင်ဒင်ဟာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရေးမူကို မကျင့်သုံးတော့တာပါ။ 

ယူကရိန်းဖြစ်စဉ်ကို ကြည့်ရင် ယူကရိန်းဟာ အမေရိကန်နဲ့ နယ်မြေချင်းဆက်နေတဲ့ အိမ်နီးချင်းလည်း မဟုတ်ဘူး။ အမေရိကန် စစ်စခန်းမရှိသလို မဟာဗျူဟာမြောက် ရေနံအရင်းအမြစ်လည်း မရှိ၊ အဓိက ကုန်သွယ်ဖက်နိုင်ငံလည်း မဟုတ်ဘူး။ 

ဒီလို အမျိုးသားအကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိပေမဲ့ အရင်သမ္မတတွေတုန်းကတော့ ကိုယ့်ရဲ့ သွေးချွေးနဲ့ ဘဏ္ဍာအရင်းအမြစ်တွေ အဆုံးရှုံးခံပြီး သူတပါးကိစ္စတွေမှာ ဝင်ရောက် ပတ်သက်ခဲ့တာတွေ ရှိခဲ့တယ်။ အရင်သမ္မတ ဘီလ်ကလင်တန်လက်ထက် ယူဂိုဆလားဗီးယား ပြိုကွဲအပြီး ဖြစ်ပေါ်လာတဲ့ စစ်ပွဲမှာ စစ်ရေးအရ ပါဝင်စွက်ဖက်မှု ရှိခဲ့သလို သမ္မတအိုဘားမား လက်ထက် ၂၀၁၁ ခုနှစ်၊ လစ်ဗျားပြည်တွင်းစစ်အရေးမှာလည်း လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးကို အကြောင်းပြုလို့ စစ်ရေးအရ အမေရိကန် ပါဝင်ခဲ့တယ်။

၁၉၉၀ ပြည့်နှစ်၊ သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက်၊ ဆက်ဒမ်ဟူစိန်ရဲ့ ကူဝိတ်သိမ်းပိုက်မှု တောရိုင်းဥပဒေကို တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်နဲ့ နိုင်ငံတကာညွန့်ပေါင်းတပ်တွေကို ဦးဆောင်ပြီး ဖယ်ရှားမှုတွေ ပြုလုပ်ပေးခဲ့တယ်။ 

ရုရှားက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးစည်းမျဉ်းတွေကို ချိုးဖောက်လာတဲ့အခါ ဘိုင်ဒင်ရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေးတွေက ကူဝိတ်အရေးက အသုံးအနှုန်းတွေအတိုင်း ပြောဆိုခဲ့ကြပေမဲ့ ဒီတစ်ကြိမ်မှာတော့ စစ်ရေးထက် စီးပွားရေးအရ အရေးယူပိတ်ဆို့ရေးကိုပဲ အဓိကဦးတည်ပြောဆို အကြံပေးကြတယ်။ 

ဘိုင်ဒင်သည် စစ်ရေးအရ ဝင်ရောက်တားဆီးရေးမူဝါဒ (Military interventionism) ကို လိုလားသူ မဟုတ်။တကယ်တော့ ဘိုင်ဒင်ဟာ စစ်ရေးအရ ဝင်ရောက်တားဆီးရေး မူဝါဒကို ယုံကြည်သူတစ်ဦးမ ဟုတ်ပါဘူး။ သူဟာ ၁၉၉၀ ပြည့်လွန်နှစ်များက ဘောလ်ကန်ဒေသမှာ လူမျိုးစုအရေးပဋိပက္ခတွေကို အမေရိကန်က စစ်ရေးနည်းနဲ့ တုံ့ပြန်ဖြေရှင်းတာကို ထောက်ခံခဲ့သူပါ။ ကံအကြောင်းမလှတဲ့ ၂၀၀၃ ခုနှစ် အီရတ် ကျူးကျော်သိမ်းပိုက်မှုကိုလည်း ထောက်ခံအားပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်ကစလို့ သူဟာ အမေရိကန်ရဲ့ တခြားနိုင်ငံပြဿနာတွေမှာ စစ်ရေးအရ ဝင်စွက်တာတွေကို စိတ်ပျက်စပြုလာခဲ့တယ်။ သူဟာ အိုဘားမားရဲ့ လစ်ဗျားအရေး စစ်ရေးဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခဲ့သလို အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တွေ အများကြီး ချထားတဲ့ကိစ္စကိုလည်း ဆန့်ကျင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်က ကသောကမျောနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် သူ မှန်တယ်လို့ ခုထိ ယုံကြည်ထားတုန်းပဲ။ အဲဒီ ဆုတ်ခွာရေးအစီအစဉ်ကြောင့် တာလီဘန်တပ်တွေက တကျော့ပြန် အာဏာပြန်သိမ်းနိုင်ခဲ့ပြီး ဒီနေ့အထိ အာဖဂန်မှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေ ရင်ဆိုင်ကျန်ရစ်နေရတုန်းပဲ။ သူ့လက်အောက်မှာ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အင်တိုနီဘလစ်ကင် ဆိုတာလည်း အမျိုးသားလုံခြုံရေးဆိုတာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်း ဆိုတာထက် ရာသီဥတု ဖောက်ပြန်မှု တားဆီးရေး၊ ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ တရုတ်ကို ယှဉ်ပြိုင်နိုင်ရေးလို့ ပိုပြီးခံယူထားတယ်။ 

ရုရှား-ယူကရိန်း အရေးနဲ့ပတ်သက်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာလည်း အမေရိကန်ပြည်သူ ၇၂ ရာခိုင်နှုန်းက ဒီပြဿနာမှာ အမေရိကန်အနေနဲ့ အပေါ်ယံလောက်ပဲ ပါဝင်ပတ်သက်သင့်တယ်လို့ ဖြေကြပြီး ကျန်တဲ့သူတွေကတော့ လုံးဝမပါသင့်ဘူးလို့ ဖြေတာ တွေ့ရတယ်။ သူတို့ စိတ်ဝင်စားတာ သာမန်ကိစ္စတွေဖြစ်တဲ့ ကုန်ဈေးနှုန်းမတက်ရေး စတာတွေပါပဲ။ 

ဝါရှင်တန်မှာ ရှိတဲ့ အမေရိကန် ဥပဒေပြုအမတ်တွေကလည်း အရေးယူပိတ်ဆို့မှုကို အပြင်းအထန်ပြုလုပ်ဖို့ကိုပဲ အဓိက တိုက်တွန်းနေကြတယ်။ နာမည်ကျော် ရီပတ်ဘလစ်ကင် ဆီနေတာ တက်ဒ်ခရုဇ် ကိုယ်တိုင်က အမေရိကန်စစ်သားတွေကို ယူကရိန်းလွှတ်ပြီး ပူတင်နဲ့ အပြန်အလှန်ပစ်ခတ်တာမျိုး ဘိုင်ဒင်ကို မလုပ်စေချင်ဘူး။ ရီပတ်ဘလစ်ကင် ဆီနေတာ မာကို ရူဘင်ကဆို ကမ္ဘာ့ထိပ်တန်းနျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံကြီးနှစ်ခုကြား စစ်ဖြစ်လို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ဆိုတယ်။ 

သမ္မတဘိုင်ဒင်အနေနဲ့လည်း နျူးကလီးယားလက်နက် တောင်ပုံရာပုံ ပိုင်ဆိုင်ထားတဲ့ ပူတင်နဲ့ ထိပ်တိုက်မတွေ့လိုဘူး။ ယူကရိန်းမှာ အမေရိကန်နဲ့ ရုရှားထိပ်တိုက်တွေ့ကြလို့ “ကမ္ဘာစစ်ကြီး” ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး မဖြစ်ချင်ဘူး။ 

“ဒါဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ကျနော်တို့ ရင်ဆိုင်နေရတာ မဟုတ်ဘူး။ ကမ္ဘာမှာ အကြီးဆုံးဆိုတဲ့ စစ်တပ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတာ ဖြစ်တယ်။ ဒါဟာ အင်မတန်ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ အချိန်မရွေး မမျှော်မှန်းနိုင်တာတွေ ဖြစ်သွားနိုင်တယ်” လို့ အန်ဘီစီ သတင်းနဲ့ တွေ့ဆုံရာမှာ ပြောသွားခဲ့တယ်။

ယူကရိန်းအရေးမှာ စစ်ရေးအရ အမေရိကန် ဝင်မပါရတဲ့ နောက်တစ်ချက်က ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် မဟုတ်တာပဲ။ ယူကရိန်းသာ နေတိုးအဖွဲ့ဝင်ဆိုရင် စာချုပ်အရ အမေရိကန် မပါမဖြစ် ပါဝင်ရတော့မယ်။ ခုကိစ္စမှာလည်း ရုရှားရဲ့ အဓိကလိုလားချက်က ယူကရိန်း နေတိုးအဖွဲ့ဝင် ဖြစ်မလာရေးပဲ။ ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်မလာစေဖို့ အာမခံချက်ကို ရုရှားက လိုလားတယ်။ 

ဒါ့ကြောင့် ဘိုင်ဒင်ဟာ အမေရိကန်တပ်တွေကို ဥရောပ စေလွှတ်ခဲ့တာ ဖြစ်တယ်။ အကယ်၍ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခု တိုက်ခိုက်ခံရမယ်ဆိုရင်တော့ ဒီစစ်ပွဲမှာ အမေရိကန် မပါမဖြစ် ပါလာရတော့မယ်။ 

ခုချိန်မှာတော့ ယူကရိန်းနယ်မြေထဲ ကျူးကျော်ဝင်ရောက်သွားတဲ့ ရုရှားတပ်တွေဟာ အဓိကကျတဲ့ မြို့ကြီးတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို ယူကရိန်းတပ်များနဲ့ ခုခံရေးသမားတွေကလည်း ရသမျှ လက်နက်တွေနဲ့ ခံချနေကြရတယ်။ ဒီအခြေအနေကိုကြည့်ရင် ကမ္ဘာကြီးမှာ ကြီးနိုင်ငယ်ညှဉ်း တောတွင်းဥပဒေ (Jungle law) တွေ၊ လက်နက်အင်အားရှိရင် ဘာမဆို တရားမျှတတယ်ဆိုတဲ့ အယူအဆတွေ အားကောင်းလာနေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

တကယ် အရေးကြုံလာတဲ့အခါ နိုင်ငံတွေဟာ ကိုယ့်အားကိုယ်ကိုးရုံမှတစ်ပါး UN ဆိုတာလည်း အရေးမပါတော့တဲ့ အဖွဲ့အစည်းတစ်ခုလို အယုံအကြည် ကင်းမဲ့လာနေတဲ့အကြောင်းပါ။   ။ 

ချစ်ဝင်းမောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024