Home
မြန်မာသတင်း
မြန်မာအပေါ်စွဲဆိုထားသည့်အမှု ဆက်လက်တရားစီရင်ရန် ICJ တရားရုံး၌ ဂမ်ဘီယာ လျှောက်လဲ
DVB
·
February 23, 2022

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ  မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေရဲ့  လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီး ပယ်ချပေးဖို့ ဂမ်ဘီယာဘက်က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။  

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ်တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေက  နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဖေဖော်ဝါရီ ၂၃ ရက်က  တင်ပြလျှောက်လဲရာမှာ ပြောသွားတာပါ။

ပြီးခဲ့ရက်က မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်လွှာဆိုင်ရာလျှောက်လဲချက်တွေကို ပယ်ချဖို့နဲ့ ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့  ဆက်လက်တရားစီရင် အဆုံးအဖြတ်ပေးဖို့  ဂမ်ဘီယာ ရှေ့နေချုပ် တရားရေးဝန်ကြီး  ဒေါဒါဂျဲလိုးက  ဒီကနေ့ တရားရုံးမှာ တိုက်တွန်း လျှောက်လဲသွားပါတယ်။

ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာရှေ့နေ ပေါလ်ရီချလာကလည်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းခဲ့သူတွေဟာ  ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ရာမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဖြစ်တယ်လို့ပြောပါတယ်။

ဒါကြောင့်  ဒီအမှုဟာ ပိုပြီး အရေးကြီးလာပြီဖြစ်တယ်၊ တရားရုံးရဲ့ တရားစီရင်မှုကနေသူတို့ လွတ်မြောက်ခဲ့မယ်ဆိုရင် သူတို့ ဘယ်သူ တဦးတယောက်ကမှ တာဝန်ခံမှာမဟုတ်ဘူး၊ သူတို့ရဲ့ကျူးလွန်မှုတွေအတွက် ဖိအားပေးလို့ရမှာမဟုတ်သလို ရိုဟင်ဂျာတွေကို အဆုံးစွန်ထိ ပျက်စီးရာပျက်စီးကြောင်းဖြစ်စေလိမ့်မယ်လို့လည်း သတိပေး ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အခု ဒုတိယအကြိမ် ကြားနာပွဲကို   ဖေဖော်ဝါရီ ၂၁ ရက်မှ  ၂၈ ရက်အထိ ပြုလုပ်နေရာမှာ ပြီးခဲ့တဲ့  ဖေဖော်ဝါရီလ ၂၁ ရက်ကတော့ မြန်မာဘက်က စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး  ဦးကိုကိုလှိုင် ဦးဆောင်တဲ့  အဖွဲ့က တက်ရောက် လျှောက်လဲခဲ့ကြပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီငှားထားတဲ့ နိုင်ငံတကာရှေ့နေတွေက လျှောက်လဲရာမှာတော့ ဒီအမှုနဲ့ ပတ်သက်ပြီး   ICJ တရားရုံးမှာ စီရင်ခွင့်မရှိကြောင်းနဲ့ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း အဓိကထား ခုခံလျှောက်လှဲခဲ့ ကြတာဖြစ်ပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့တာ မရှိပါဘူး။

ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အဖွဲ့ရဲ့ တာဝန်ပေးချက်အရ အိုအိုင်စီကိုယ်စား တရားစွဲပေးခြင်းဖြစ်လို့ အခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း၊ အိုအိုင်စီဟာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်လို့ ICJ မှာ ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့် မရှိသဖြင့် ကန့်ကွက်ကြောင်း ဂမ်ဘီယာနိုင်ငံဟာလည်း နစ်နာသူနိုင်ငံမဟုတ်လို့  တရားစွဲခွင့် မရှိကြောင်း မြန်မာဘက်က တင်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီကနေ့ ဂမ်ဘီယာဘက်က ပြန်လည်တုံ့ပြန်ရာမှာ ဒါဟာ ဂမ်ဘီယာနဲ့ မြန်မာအကြား အငြင်းပွားမှုဖြစ်တယ်၊  ဒီအမှုဟာ ဂမ်ဘီယာ တင်သွင်းတဲ့ အမှုဖြစ်ပြီး အိုအိုင်စီက တင်တဲ့အမှုမဟုတ်ဘူး၊ ဂမ်ဘီယာဟာ ဘယ်သူရဲ့ ကိုယ်စားမှလည်း မဟုတ်ဘူး၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  ငါနဲ့ မဆိုင်ဘူးဆိုပြီး ရှောင်လွှဲနေလို့မရဘူးလို့ ပြန်လည်လျှောက်လဲသွားခဲ့ကြပါတယ်။ 

ဂမ်ဘီယာကိုယ်စားလှယ်တွေရဲ့ ဒီနေ့ လျှောက်လဲမှုတွေအပေါ်  မြန်မာဘက်က စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တရားခွင်မှာ တက်ရောက်ကြားနာခဲ့ပေမဲ့   တန်ပြန်လျှောက်လဲမှုကိုတော့ လာမယ့်  ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌  ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ပထမအကြိမ် ကြားနာမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာဖြစ်ပါတယ်။  

ဒီအမှုမှာကြားနာခွင့်ရဖို့ စစ်ကောင်စီဘက်ကရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပါ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြရာမှာ စစ်ကောင်စီကိုယ်စားလှယ်တွေက ICJ တရားရုံးမှာ လာရောက် တရားရင်ဆိုင် လျှောက်လဲခွင့်ရခဲ့တာပါ။

ရိုဟင်ဂျာအမှုကိစ္စနဲ့ ပတ်သက်ပြီး  အခုလို မြန်မာ အာဏာသိမ်း စစ်အုပ်စုကိုကိုယ်စားပြုသူတွေကို ICJ တရားရုံးက လျှောက်လဲခွင့်ပြုတာဟာ မဖြစ်သင့်ဘူးလို့ ကန့်ကွက်ကြသူတွေလည်းရှိပါတယ်။ 

ICJ တရားရုံးဘက်ကတော့  ဒီအမှုဟာ နိုင်ငံအပေါ် တရားစွဲထာတဲ့အမှုဖြစ်ပြီး တရားရုံးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို လျှောက်လဲခွင့်ပြုတာဟာ သူတို့ကို တရားဝင်အစိုးရအဖြစ်  အသိအမှတ်ပြုတာ မပြုတာနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း မှတ်ချက်ပြုထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024