မြန်မာနိုင်ငံအနှံ့ ရဲစခန်းတွေရဲ့ ပတ်ဝန်းကျင်မှာ မိုင်းတွေထောင်ဖို့အတွက် စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ ရဲတပ်ဖွဲ့ဌာနချုပ်ကို ညွှန်ကြားခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဩဇာခံဖြစ်တဲ့ ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ ရဲစခန်းပတ်ဝန်းကျင်မှာ မိုင်းထောင်ဖို့အတွက် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို ညွှန်ကြားခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနအောက်က တိုင်းနဲ့ပြည်နယ်အလိုက်မှာရှိတဲ့ ရဲစခန်းတွေကို ညွှန်ကြားခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာရှိတဲ့ ရဲစခန်းတွေကို အဓိကထား လုပ်ခိုင်းတာဖြစ်ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်မှာရှိတဲ့ ရဲစခန်းတွေတော့ မပါဝင်ဘူးလို့ ရဲတပ်ဖွဲ့ဝင်တဦးက DVB ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ရည်ညွှန်းပြီးလုပ်ခိုင်းတဲ့ပုံစံမျိုး မိုင်းမလုံလောက်ဘူးဆို စစ်တပ်တွေမှာ ထုတ်ဖို့လည်း ပြောထားတယ်။ အဓိက အင်အားမလုံလောက်တဲ့ စခန်းတွေကို ကြိုတင်ကာကွယ်တဲ့သဘော လုပ်ခိုင်းတာ” လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
PDF တွေနဲ့ အဓိကတိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေမှာရှိတဲ့ ရဲစခန်းတွေကို အာဏာသိမ်းစစ်တပ်က စခန်းကို ဝင်နိုင်တဲ့ လမ်းကြောင်းတွေမှာ မိုင်းတွေထောင်ဖို့ ညွှန်ကြားခဲ့သလို မိုင်းထောင်ဖို့ ပစ္စည်းလိုအပ်ရင်းလည်း သက်ဆိုင်ရာ စစ်တိုင်းအလိုက် ဌာနချုပ်တွေမှာ တောင်းခိုင်းထားတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး ရဲစခန်းပတ်ဝန်းကျင်မှာ မိုင်းထောင်ခိုင်းတာဟာ လုံခြုံရေးအင်အား မလုံလောက်တာကြောင့် ဖြစ်နိုင်သလို မိမိတပ်ရဲ့ ကျဆုံးနိုင်တဲ့အနေထားကို သိတာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ စစ်မှုထမ်းဟောင်း တဦးက သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်လက်အောက်က ရုံးထွက်ကာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့အင်အား တသောင်းနီးပါရှိတယ်လို့ သိရပါတယ်။
တချို့ရဲတပ်ဖွဲ့ဝင်တွေကလည်း သက်ဆိုင်ရာနယ်မြေအလိုက် PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီအနေနဲ့ ရဲစခန်းတွေမှာ မိုင်းထောင်ဖို့ စေခိုင်းတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင် အရာရှိဟောင်းတွေက သုံးသပ်ပြောပါတယ်။