စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၁ နာရီကျော်လောက်က မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလည်ကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်ပင်သာကျေးရွာကို လာရောက်မီးရှို့ခဲ့ကြတာလို့ ရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ အင်ပင်သာ ကျေးရွာလေး မီးရှို့ခံရတာ ဒါနဲ့ဆို ၃ ကြိမ်ရှိပြီဗျ။ ပထမအကြိမ်ကတော့ ၇ လုံး မီးရှို့ခဲ့တယ်။ ဒုတိယအကြိမ်ကျတော့ လူနေအိမ်တွေ ဖျက်ဆီးထားခဲ့တယ်။ အခု တတိယအကြိမ်ကတော့ မီးရှို့ခံရတယ်ပေါ့။ ရက်အတိကျတွေတော့ မမှတ်မိတော့ဘူး။ သူတို့က ရွာထဲဝင်တိုင်း ကျနော်တို့ ဆန်၊ ဆီတွေကို အကုန်သူတို့ယူကြတာ။ သူတို့က လက်နက်အားကိုးနဲ့ ပြည်သူတွေကို အနိုင်ကျင့်နေကြတာဗျာ။”
အင်ပင်သာကျေးရွာဟာ အိမ်ခြေ ၄၀ ကျော်ရှိပြီး စစ်ကောင်စီတပ် မီးရှို့တာကြောင့် တရွာလုံးက နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားပြီလို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။