Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံး၊ သံချပ်ကာကား ၂ စီး ပျက်စီး
DVB
·
February 22, 2022

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်က  ၆ ရက်တိုက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့နယ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး စစ်ကောင်စီတပ် ထိုးစစ်ဆင်တာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတာပါ။

စစ်ကောင်စီတပ်က မိုး‌‌ဗြဲမြို့အတွင်းမှာ တပ်စွဲထားပြီး မိုး‌ဗြဲမြို့နဲ့ အနီးတဝိုက် လွယ်ယင်းမင်္ဂလာနဲ့  ဟိုက်ကွီဆည်စစ်ကြောင်း၊ မိုး‌ဗြဲမြို့မစစ်ကြောင်း၊ လွိုင်ကော်ဘုရားဖြူစစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်နေတာကြောင့် ကရင်နီပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဖေဖော်ဝါရီ ၁၆ ရက်‌မှ ၂၁ ရက်နေ့အထိ မိုးဗြဲမြို့တိုက်ပွဲအတွင်း အတည်ပြုနိုင်တဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးစာရင်းမှာ ၆၁ ဦးဖြစ်ပြီး အများအပြားထိခိုက်မှုခဲ့ကြောင်းနဲ့ လက်နက်ငယ်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့  KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ်တွေ၊  သံချပ်ကာ အမြောက်ကားတွေအပြင် တာဝေးပစ်လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်မှ ၂၁ ရက်နေ့အထိ တိုက်လေယာဥ်၊  ရဟတ်ယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု  ၂၁ ကြိမ်ပြုလုပ်ခဲ့သလို   မိုး‌ဗြဲအခြေစိုက် ခမရ-၄၂၂၊ လွိုင်ကော်အခြေစိုက် ခလရ-၂၅၀နဲ့ ခလရ -၂၆၁၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခမရ - ၄၂၇ တို့က တာဝေးပစ် ၁၂၀ မမ၊ ၈၀ မမ အမြောက်တွေနဲ့ တစ်နေ့ကို အကြိမ် ၁၀၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့  ဝါရီဆူးဖလိုင် တိုက်ပွဲအတွင်း  ဖေဖော်ဝါရီ ၁၇ ရက်က စစ်ကောင်စီရဲ့ သံချပ် ကာကား ၂ စီးနဲ့ ၁၉ ရက်‌မှာလည်း  လက်နက်ခဲယမ်းထောက်ပို့ကား ၃ စီးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့နဲ့ ဝါရီဆူးဖလိုင်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝါရီဆူးဖလိုင်နဲ့ ဝီသဲကူးကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဝါရီဆူးဖလိုင် ရွာသားတချို့ကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က မိုး‌‌ဗြဲမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ  ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း KNDF ရဲဘော် ၈ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024