စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်မနက်က ခိုင်သဇင်တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုတွေကို စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားပါတယ်။
"မနက် ၁၁ နာရီလောက် စစ်ကောင်စီတပ်တွေက ကား နှစ်စီးနဲ့ လာရောက်ရှာဖွေခဲ့တယ်။ မုံရွာ မြို့လယ်ရပ်ကွက်ရှိတဲ့နေအိမ်မှာ ဖမ်းသွားတယ်”လို့ အနီးနားပတ်ဝန်းကျင်ဒေသခံ တစ်ဦးက ပြောပါတယ်။
နေအိမ်ကနေ MMU-PDF တီရှပ်အင်္ကျီ (၃၀) ပါ အထုတ် ၄ ထုတ်၊ တာဝန်တံဆိပ် လက်ပတ်အနီ အခု ၂၀ ၊ PDF တံဆိပ်ပါအလံအနီ အခု ၇၀ ၊ တီရှပ်အင်္ကျီအနက် အထည် ၅၀ ပါ ၄ ထုတ်၊ တီရှပ်အင်္ကျီအနီ အထည် ၃၀၀ ထည်ပါ ၁ ထုတ်၊ တံဆိပ်ရိုက်အပူပေးစက် ၁ လုံး၊ PDF တံဆိပ်ရိုက်ခွက် ၃ ခု၊ တံဆိပ်ရိုက်ခွင် ၁၂ ခု နဲ့ NLD တံဆိပ်ပါ MASK အခု ၁၀၀ တို့ ကို စစ်ကောင်စီဘက်က သက်သေအဖြစ် ဖော်ပြခဲ့ပါတယ်။