မိုင်းနင်းမိတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ မိုင်းယော်စစ်ဘေးရှောင်တစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။
လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်အတွင်း စစ်ဘေးရှောင်နေကြတဲ့ ပန်နန်းရွာက ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းက အုပ်စုလိုက်နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၊ ၅ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တာပါ။
ဒဏ်ရာပြင်းထန် ရရှိထားသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၄ ဦးအား လားရှိုးမြို့ စစ်ဆေးရုံကို ပို့ဆောင်ကုသထားပြီး ဒဏ်ရာပြင်းထန်သူ အမျိုးသမီး ၄ ဦး အနက် ၁ ဦးဟာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီအချိန် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပုံစံကြည့်ရတာတော့ မိုင်းပုံစံပဲ၊ အသက်ရှင်ကျန်နေသူ ပြောပြတာက လက်နက်ကြီးနဲ့ ၂ ချက် ပစ်ခံရတာလို့ ပြောတယ်။ စစ်ကောင်စီ နဲ့ MNDAA ကိုးကန့် ၂ ဖွဲ့ ထဲက ၁ ဖွဲ့ ရဲ့ လက်နက်လို့ ထင်ပါတယ်။ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ပါစေ ရဲရဲဝံ့ဝံ့ တာဝန်ယူနိုင်လား မေးချင်တယ်။”
မိုင်းယော်တိုက်နယ်အတွင်း စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာတွေ ရှိခဲ့ဖူးပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ မရတာနဲ့ ကြောက်စိတ်တွေကြောင့် ထုတ်မပြောရဲဘဲ ဒီအတိုင်းနေခဲ့ကြကာ အခုအတိုင်းဆို ပြည်သူလူထု ပိုပြီးထိခိုက်နစ်နာလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။