စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စွဲနေရာတွေကို ဖေဖော်ဝါရီ ၁၈ ရက် ည ၁၀ နာရီလောက်မှာ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကတော့ အောင်ဇေယျကွက်သစ်ရှိ စစ်ကောင်စီတပ်တွေနေထိုင်တဲ့ သီတဂူချင်းတွင်း သာမဏေကျော်စာသင်တိုက်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ အမှတ် ၂၈ နေရာတွေမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်တာတွေဟာ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကွေ့ချောင်းကျေးရွာအရှေ့ဘက် အင်းထဲကနေ သေနတ်ပစ်ဖောက်ပြီး ဖြန့်ကြက်ဝင်ရောက်လာတာကြောင့် ကွေ့ချောင်းကျေးရွာနဲ့ စုန်းချောင်းကျေးရွာအပါအဝင် အနီးနားက ကျေးရွာနေပြည်သူတွေ ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်မှုမပြုလုပ်ခင်အရင်တုန်းက သီတဂူချင်းတွင်းစာသင်တိုက်အတွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဘာသာရေးအဆောက်အအုံအတွင်း တပ်စွဲနေထိုင်ခြင်း မပြုလုပ်ဖို့နဲ့ ဖေဖော်ဝါရီ ၁၈ ရက်နောက်ဆုံးထား ဆုတ်ခွာပေးဖို့ PDF အဖွဲ့က သတိပေးခဲ့ပါတယ်။