ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုအတွက် တရားခံသက်သေအဖြစ် မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး လာရောက် ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့တာပါ။
ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တင်သွင်းထာတဲ့ တရားခံပြ သက်သေ ဝန်ကြီး ဦးထွန်းဌေးကို စစ်ဆေးမေးမြန်းခဲ့တာပါ။
ဝန်ကြီး ဦးထွန်းဌေးဟာ စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးခံရပြီး ၂ ရက်အကြာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ ဆက်လက် နေထိုင်နေတာ ဖြစ်ပါတယ်။
အခုအခါ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု အမှု ၃ မှု၊ အဂတိမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ အမှုအားလုံးအတွက် စွဲချက်တင်ဖို့ ပြင်ဆင်နေတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။