ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကလေးငယ် ဖေဖော်ဝါရီ ၁၈ ရက်က သံတွဲအကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ လကျော်လောက်က သံတွဲမြို့မှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့အဖမ်းခံခဲ့ရတဲ့ အမျိုးသမီး ၃ ယောက်ထဲက ဒေါ်ငြိမ်းအိဖြိုးကျော်မှာ အသက် ၂ နှစ်ကျော်အရွယ် သမီးလေးတယောက်ရှိပြီး အဲဒီ ကလေးဟာလည်း မိခင်နဲ့အတူ သံတွဲအကျဉ်းထောင်ထဲရှိနေတုန်း သေဆုံးသွားတာလို့ မိသားစုဝင်တွေက ပြောပါတတယ်။
သေဆုံးသူ မရွှေရည်ဝင်းဟာ မနေ့ည ၁၁ နာရီက သေဆုံးခဲ့တာဖြစ်ပြီး မနက် ၆ နာရီအချိန်မှ မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားလာတာဖြစ်ပါတယ်။
“သူ့အမေ အဖမ်းခံရတော့ ကလေးကို အိမ်မှာ အဖေနဲ့ထားသေးတယ်။ ဒါပေမဲ့ ကလေးက အမေဆီပဲသွားချင်နေတော့ သူစိတ်ချမ်းသာအောင် သူ့အမေဆီပို့ထားရင်းက အခုလိုဖြစ်သွားတာ” လို့ ကလေးရဲ့မိသားစုဝင် တယောက်က ဆိုပါတယ်။
မရွှေရည်ဝင်းဟာ မွေးရာပါ စအိုမပါတဲ့ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ထားရတဲ့ ကလေးငယ်ဖြစ်ပြီး အကျဉ်းထောင်ထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲတာနဲ့ ရာသီဥတု ချမ်းအေးတဲ့ဒဏ်ကြောင့် အခုလိုသေဆုံးသွားရတာဖြစ်ပါတယ်။
“ကလေးက ညဘက်ဆို မအိပ်နိုင်လို့ ငိုတယ်။ အဲဒါ ငိုရမလားဆိုပြီး ထောင်ဝန်ထမ်းတွေက သူ့အမေကို ဆဲတာ၊ ဆူတာလုပ်တယ်။ ကလေးကို သီချင်းဆို သိပ်ပြန်တော့လည်း ထောင်ထဲမှာ သီချင်းမဆိုရဘူးဆိုပြီ တားတယ်။ အခု ကလေးကို ဆေးရုံမှာ ရင်ခွဲကြည့်တော့ လည်ချောင်းမှာ ချွဲတွေပိတ်နေတာလို့ ဆရာဝန်ကပြောတယ်”လို့ ကလေးမိသားစုဝင်နဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။
ဒေါ်ငြိမ်းအိဖြိုးကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မနဲ့ စစ်ကောင်စီက စွပ်စွဲ ဖမ်းဆီးထားသူ အမျိုးသမီး ၃ ယောက်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း သံတွဲခရိုင်တရားရုံးမှာ ရုံးထုတ်လေ့ရှိပြီး အဲဒီအချိန်ရောက်မှ မရွှေရည်ဝင်းဟာ အမေ၊ အဖေနဲ့အတူ တခြားမိသားစုဝင်တွေနဲ့ တွေ့ဆုံရတာဖြစ်ပါတယ်။
“လာမယ့်ရုံးချိန်းကို သွားတောင် မသွားချင်တော့ဘူး။ ရင်ထဲမကောင်းဘူး။ ဘယ်လိုမျက်နှာနဲ့ သူ့အမေကို ကြည့်ရမလဲ” လို့ သေဆုံးသူ မရွှေရည်ဝင်းရဲ့ အဖွားဖြစ်သူက ပြောပါတယ်။
ကလေးငယ်ကို ဒီနေ့ မိသားစုနေထိုင်ရာ ငပလီမြို့၊ မဇင်ကျေးရွာမှာ သင်္ဂြိုလ်မယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။