Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်နှုန်းမြင့်တက်၊ ကိုဗစ်စည်းကမ်း လိုက်နာမူအားနည်းနေ
DVB
·
February 17, 2022

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ များပြားနေပေမယ့် ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာ မှု အားနည်းနေတယ်လို့ သိရပါတယ်။

စစ်တွေ မြို့မိမြို့တစ်ဦးက "ဟုတ်ပါတယ်၊ ရခိုင်ပြည်နယ်မှာ ၂ ရက်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၉၁ ဦးအထိ တွေ့ရှိထားတာ။ စစ်တွေကတော့ အများဆုံးပါ။ ဒါပေမယ့် စစ်တွေမြို့က လူတွေက အပြင်ထွက်ယင် Mask တတ်တာ မတွေ့ရသေးဘူး။ စျေးတွေမှာဆိုပိုဆိုးတယ် တစ်ယောက်မှ Mask တတ်တာ မတွေ့ရဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၇၄ ဦးနဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ၁၇ ဦး စုစုပေါင်း ၉၁ ဦးအထိ ကိုဗစ်ရောဂါပိုးတွေ့ရှိထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်ခံထားရတဲ့ မြို့နယ်တွေကတော့ စစ်တွေ​၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ တောင်ကုတ်၊ ပေါက်တော၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲ တို့ဖြစ်ပြီး စစ်တွေမြို့က ကူးစက်မှုအများဆုံးလို့ သိရပါတယ်။

စစ်တွေတက္ကသိုလ်က ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားတယ်လို့ စစ်တွေတက္ကသိုလ် တာဝန်ရှိသူတဦး ပြောပါတယ်။

"မနေ့က စစ်ဆေးတဲ့အထဲမှာ တက္ကသိုလ်က ဆရာမတွေအပါအဝင် ဝန်ထမ်း ၅၀ ကျော်မှာ ကိုဗစ်ပိုးတွေ့တာရှိတယ်။ ဒါပေမယ့် တက္ကသိုလ်ကို ပိတ်မယ်အဆင့်အထိတော့ မရှိသေးဘူး။"

ကိုဗစ်ကူးစက်ခံထားရတဲ့ တက္ကသိုလ်ဆရာမတွေနဲ့ ဝန်ထမ်းတွေကို စောပြည့်ညိုအဆောင်မှာ ကွာရန်တင်း ထားရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း မောင်တောမြို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ပို့ပြန်လာသူ ၂ ဦး ကိုဗစ်ပို့တွေ့ရှိထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ္။

ရခိုင်ပြည်အနှံ့ ကိုဗစ်ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာနေပေမယ့် ဇတ်ပွဲတွေ၊ Live Show တွေ၊ ဘုန်းကြီးပျံပွဲတွေ၊ စျေးရောင်းပွဲတော်တွေကို ကိုဗစ်စည်းကမ်းချက် မလိုက်နာဘဲ ကျင့်ပပြုလုပ်နေကြတယ်လို့ မောင်တောဒေသခံတတစ်ယောက်က ပြောပါတယ်။

"လူတွေက ကိုဗစ်စည်းကမ်းလိုက်နာဖို့က အဓိကဘဲ့။ အခုက ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး ပေါ့ပေါ့လျှော့လျှော့နေထိုင်နေကြတာတွေများတယ်။ မောင်တောမှာဆို စျေးပွဲတော်တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာနေကြတယ်။ စျေးလာဝယ်သူနဲ့ ရောင်းချသူတွေလဲ့  Mark မတတ်ကြဘူး။"

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၂၅ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရ‌ေ ၁၄ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၅၂၈၆ ဦး၊ သေဆုံးသူ ၅၀၁ ဦးထိရှိခဲ့ပြီး ဆေးရုံမှာ လက်ရှိကုသနေဆဲဦးရေမှာ ၃၆ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

လက်ရှိပိုးတွေ့သူ ၁၂ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကို အိုမီခရွန် ဟုတ်/မဟုတ်စစ်ဆေးဖို့ ရန်ကုန်ကို ပို့ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024