ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒုရဲအုပ်တယောက်ဟာ မိမိကိုယ်ကိုယ် ခြောက်လုံးပြူးသေနတ်နဲ့ ပြန်ပစ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။
အဆုံးစီရင်ခဲ့တဲ့ ဒုရဲအုပ်ဟာ လှေကြီးတက်ရွာက စက္ကူပျော့ဖက်စက်ရုံမှာ ရဲကင်းမှူးလုပ်နေတဲ့ အသက်ကြီး ဒုရဲအုပ်ဖြစ်ပြီး သူ့ရဲ့ရက်လည်ကိုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အသက်ကတော့ ကြီးနေပြီး အဲ့ဒုရဲအုပ်က သဘောကောင်းတယ်။ သိသလောက်တော့ သူက ရွာကို တော်တော် ကာကွယ်ပေးခဲ့တာရှိတယ်။ အဖမ်းအဆီးခံရတာမများအောင် သူတတ်နိုင်သလောက် ကွယ်ပေးခဲ့တယ်။ ဘယ်လို ဖြစ်ပြီး အဆုံးစီရင်သွားတယ်ဆိုတာတော့မသိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ဒုရဲအုပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သက်ကြီးပင်စင်တင်ခဲ့ပေမဲ့ အထက်က ပင်စင်ချမပေးတာကြောင့် စိတ်ညစ်ပြီး ခုလို့ အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သုံးသပ် ပြောဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်ကလည်း မြောင်းမြမြို့နယ်အတွင်းက နယ်မြေရဲစခန်းမှူး ရဲအုပ်တယောက် မိမိကိုယ်ကို သေနတ်နဲ့ပစ်သတ်ပြီး အဆုံးစီရင်မှုဖြစ်ခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။