စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ထဲမှာ မျောပါလာတဲ့ လူသေအလောင်းတွေ ဖေဖော်ဝါရီ ၁၄ ရက်က စတင်တွေ့နေပြီး အများစုဟာ အမျိုးသားအလောင်တွေ ဖြစ်တယ်လို့ မြစ်ဘေးနေသူတွေဆီက သိရပါတယ်။
မြွေပိုင်းတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဗိုလ်ရုက္ခစိုးက “ဒီဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစလို့ တနေ့ကို တစ်လောင်းနှုန်းတွေ့ရတယ်ဗျ။ ပထမက ကလေးငယ်အလောင်းတစ်လောင်းတွေ့တယ်၊ အမျိုးသားကလေးငယ်ပေါ့။ နောက်ရက် ၁၅ ရက်နေ့ကြတော့လည်း အမျိုးသားအလောင်းပဲ။ ဒီနေ့လည်း အမျိုးသားအလောင်းပဲဗျ။ လူလတ်ပိုင်းလို့ ခန့်မှန်းရတယ်ဗျ။ ရုပ်ကတော့ သိပ်မပီပြင်တော့ဘူး။ အလောင်းပိုင်ရှင်လည်း မတွေ့ရလို့ ကျနော်တို့ကတော့ လူသားခြင်းစာနာစိတ်နဲ့ ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။
အခုလို ချင်တွင်းမြစ်အတွင်း လူသေလောင်းများ တွေ့ရှိနေရတာဟာ ဇန်နဝါရီ ၂၂ ရက်က စစ်ကောင်စီရဲ့ အမြန်ရေယာဉ်တွေနဲ့ ကနီဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒေသခံရွာသားတွေကို ဖမ်းစီးခေါင်ဆောင်သွားကာ သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း ပစ်ချခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။