ဧရာဝတီတိုင်း ညောင်တုန်းမြို့က ကေတီဗွီဆိုင်တဆိုင်မှာ ဖေဖော်ဝါရီ ၁၅ ရက်ညက ရဲနဲ့ အရပ်သားတွေ မိန်းကလေးလုရင်း ရန်ဖြစ်ကြရာက ရဲတယောက် ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။
ဗိုလ်မြတ်ထွန်းတံတားနားက မန်းကေသီစားသောက်ဆိုင်မှာ ညပိုင်း ၈ နာရီလောက်က ဖြစ်ခဲ့ပြီး သေဆုံးသူက ဒုရဲအုပ် အောင်သူလို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီဆိုင်က မြို့မ ရဲစခန်းက ရဲတယောက် ရှယ်ယာပါတာ။ မာဆတ်နဲ့ ကေတီဗွီပါ တွဲဖွင့်ထားတာ။ သူတို့က ကောင်မလေးလုရင်း ရန်ဖြစ်ကြတယ်။ ရဲက ဓားထိုးခံရပြီး အဲဒီနေရာမှာပဲ သေသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အရပ်သား ၅ ယောက်နဲ့ စကားများ ရန်ဖြစ်ခဲ့ကြပြီး အဲဒီအရပ်သားတွေဟာ ကားနဲ့ ဗိုလ်မြတ်ထွန်းတံတားပေါ်ကို မောင်းပြေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးသွားသူတွေကို စစ်သားနဲ့ ရဲတွေလိုက်လံဖမ်းဆီးရာမှာ ကြိမ်ပင်ဆည်ဂိတ်မှာ ဖမ်းဆီးမိတယ်လို့လည်း သိရပါတယ်။ အဲဒီထဲက တယောက်က ပေါင်မှာ သေနတ်ထိ ဒဏ်ရာရသွားပြီး ကျန်တဲ့သူတွေလည်း ရိုက်နှက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။