ပဲခူးတိုင်းဒေသကြီး ဝေါမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဝေါ-PDF တပ်ဖွဲ့ကနေ သိရပါတယ်။
ဝေါမြို့ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မနေ့ည ၇ နာရီခွဲလောက်မှာ ဝေါ PDF က ဗုံးခွဲတိုက်ခိုက်သတိပေးခဲ့ပြီး အဆောက်ဦထိခိုက်မှုရှိနိုင်တယ်လို့ ဝေါ PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကန်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီ သတင်းပေးလုပ်ကိုင်နေပြီး သူကြောင့် အပြစ်မဲ့ ပြည်သူ ၃ ယောက်ဖမ်းဆီးခံခဲ့ရတာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူလူထုဘက်ကို မရပ်တည်ဘဲ စစ်ကောင်စီအလို့ကျ လုပ်ဆောင်နေမယ်ဆိုရင် ဒီထက်ပိုမို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“ကန်တော် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်ဗျ။ အဲဒီပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်ကောင်စီကားတွေနဲ့ ရဲကားတွေဖြတ်သွားတာ တွေ့ရတယ်။ဒီ ကနေ့မနက်ပိုင်းမှာတော့ မြို့ဝင်မြို့ထွက်တွေနဲ့ လမ်းစုံ၊ လမ်ခွတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတာတွေရတယ်” လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဝေါ PDF အနေနဲ့ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲတွေနဲ့လည်း ပူးပေါင်း စစ်ဆင်ရေးတွေ လုပ်ဆောင်နေပြီး စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ဝေါ PDF အနေနဲ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း မီတာမဆောင်တဲ့ နေအိမ်တွေက မီတာပုံးတွေကို ဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်တဲ့ လျှပ်စစ်မီတာရုံးကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။