Home
ဆောင်းပါး
မင်းတို့ကျေးဇူး မူးလို့ရှူစရာမရှိ
DVB
·
February 16, 2022

စစ်အာဏာရှင်အဆက်ဆက်က နိုင်ငံရေး ဘေးကျပ်နံကျပ်ပဲ ဖြစ်ဖြစ်၊ စစ်အုပ်စုတသိုက် အကျိုးစီးပွားကို ထိခိုက်လာတာပဲဖြစ်ဖြစ် သူတို့ရဲ့လက်သုံးနည်းဗျူဟာ ဓာတ်ပြားဟောင်းအတိုင်း မတရားအဖမ်းဆီးခံ နိုင်ငံရေးအရ အကျဥ်းကျနေတဲ့ပုဂ္ဂိုလ်တွေကို နိုင်ငံတော်၏ စေတနာ မေတ္တာ ဘာညာဆိုပြီး ရာဇသတ်ကျင့်ထုံး ဥပဒေပုဒ်မ (၄၀၁) ပုဒ်မခွဲ(၁)နဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဆိုပြီး မင်္ဂလာယူလိုက်တာပါ။

“လွတ်ငြိမ်းသက်သာ”ရဲ့ ဖွင့်ဆိုချက်က လွတ်ငြိမ်းချမ်းသာ တနည်းဆိုရရင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဆင်တူယိုးမှား ဖြစ်နေတတ်ပါတယ်။ သူတို့ပြောတဲ့ လွတ်ငြိမ်းသက်သာခွင့် ဆိုတာက မူလပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်ကို ထက်ဝက်ဖြစ်စေ၊ သုံးပုံတပုံဖြစ်စေ လျှော့ပေါ့ပေးပြီး အကျဥ်းထောင်ထဲကနေ လွှတ်ပေးလိုက်တာပါ။ ပြစ်ဒဏ်အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးလိုက်တာမျိုးမဟုတ်ဘဲ သူ့အနောက်မှာ စေတန်နတ်ဆိုး နှောင်ကြိုးကြီးက ကပ်ပါလာပါတယ်။ အဲဒီနှောင်ကြိုးကို “ကြွေးကျန်ပြစ်ဒဏ်” လို့ တံဆိပ်ကပ်ထားတယ်။ 

အခု ပြည်ထောင်စုနေ့မှာ လွတ်လာခဲ့ကြတဲ့ နိုင်ငံရေးအကျဥ်းကျတွေအတွက် မုဒိတာပွား ဝမ်းသာရသလို မလွှတ်ပေးရဲသေးလို့ ကျန်နေတဲ့ပုဂ္ဂိုလ်တွေအတွက်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။ ဒါပေမဲ့ လွတ်မြောက်လာသူတွေအဖို့လည်း ပြစ်ဒဏ်ကြွေးကျန် သို့မဟုတ် ထောင်ကြွေးရှိနေသေးတဲ့ သဘောပါပဲ။

မူလက မတရားသဖြင့် ဖမ်းဆီးထောင်ချ ပြစ်ဒဏ်ပေးခဲ့စဥ်က ပြစ်ဒဏ် ၃ နှစ် ကျခံရသူဟာ ထောင်ထဲမှာ နေသား ၁ နှစ်ရပြီး အခုပုဒ်မနဲ့ လွတ်ငြိမ်းသက်သာခွင့်ရပြီး လွတ်မြောက်လာသူအနေနဲ့ နေသားလက်ကျန် ၂ နှစ် အကြွေးတင်နေတာပါ။ လွတ်လာပြီး ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်စေ နောက်ထပ်ပြစ်မှုတစ်ခုခုကို ထပ်ကျူးလွန်ခဲ့ရင် နောက်ထပ်ကျူးလွန်တဲ့ ပြစ်ဒဏ်နဲ့ အကြွေးတင်နေတဲ့ ကျန်ပြစ်ဒဏ်နှစ်ရပ်ကို ပေါင်းပြီး ပြစ်ဒဏ်ခံရမှာ ဖြစ်ပါတယ်။ 

၁၉၈၈ လွန် နဝတ- နအဖ၊ စစ်ဝတ်စုံချွတ် ဦးသိန်းစိန်အစိုးအဆက်ဆက်က ပြည်တွင်း ပြည်ပကို နိုင်ငံရေးနဲ့ အထွေထွေအကျပ်အတည်းတွေကို အကြောလျှော့ဖို့ကြိုးစားတဲ့အခါ လွတ်ငြိမ်းသက်သာ ဆိုပြီး ကျင့်သုံးခဲ့တဲ့ နည်းနာတစ်ခုပါ။ 

အခု စစ်မိစ္ဆာတသိုက်ကလည်း မဲပြာပုဆိုးကို ရေလဲသုံးနေမြဲပါ။ သူတို့အကျိုးစီးပွားနဲ့ ပြည်တွင်း ပြည်ပ နိုင်ငံရေး အကျပ်ရိုက် အခြေဆိုက်လာပြီမို့ အရှိန်ကောင်းနေတဲ့ ပြည်သူ့တော်လှန်ရေးကြီးကို တုံ့ဆိုင်းကြန့်ကြာသွားအောင် လွတ်ငြိမ်းသက်သာနဲ့ သူတို့ထွက်ပေါက်တစ်ခုအနေနဲ့ ဖန်တီးယူလိုက်တာပါပဲ။ 

ဒါမျိုးကတော့ စောဖေတို့ နောကြေနေပါပြီ ကိုကြင်စိုးရာ။ စစ်အာဏာရှင်အမွေကို လက်ဝယ်ပိုင်ပိုင် ရရှိနေတဲ့ မင်းတို့ရဲ့ကျေးဇူးတရားက ဒီလိုပါဆိုတာကို ပြသချင်နေတာလား။ မင်းတို့ ကျေးဇူးတရားက မင်းတို့ရဲ့အရိုးကိုက်အနည်းစုတွေကလွဲရင် တတိုင်းတပြည်လုံးအတွက် မူးလို့ ရှူစရာကိုမရှိဘူးဆိုတာ ပြည်သူလူထုကြီးနဲ့ တို့လူငယ်လေးတွေ ပြတ်ပြတ်သားသား နားလည် လက်ခံပြီးသားပါ။

နိုင်ငံတကာမပြောနဲ့၊ ဒေသတွင်းအာဆီယံကပါ မင်းတို့ကို လူရာမသွင်းဘဲ အာဆီယံစင်ပေါ်က မောင်းချ ရွာပြင်ထုတ်ခဲ့တာကို ခံနေရပြီမဟုတ်လား။ မင်းတို့ အကြပ်ရိုက်တိုင်း ထန်းလက်ကာ ပျားရည်ဝမ်းချ နည်းပရိယာယ်ကတော့ အတော့်ကို ဉာဏ်ရည်နိမ့်လွန်းလှပါတယ်။ 

ဖုန်းထဲမှာ VPN ပါရင်တောင် သေမတတ် ကြောက်နေတဲ့ ခေတ်ဆွေးထဲက ချေးဘရိန်းတသိုက်ကို ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးနေတဲ့ ဒီလိုအချိန်မှာ ဉာဏ်မျက်စိ ဒရုန်းဦးနှောက်တွေနဲ့ တို့ပြည်သူနဲ့ တို့လူငယ်တွေက လွယ်လွယ်ကူကူပဲ စောင့်ကြည့်နေကြတယ်ဆိုတာ မင်းတို့မိစ္ဆာတသိုက် ကြားသိပါစေ။

မင်းတို့က ကြပ်ပြေးမင်းဆက် အဓွန့်ရှည်ရေးနဲ့ မင်းတို့မျိုးဆက်တွေ လူရာမဝင် လူစဥ်မမီအောင် ကျင့်ကြံရုံမက တတိုင်းတပြည်လုံး အလုံးစုံပျက်သုဥ်းအောင် မင်းတို့ရဲ့အမိန့်နဲ့ အရိုးကိုက်တွေက လက်တွေ့အကောင်အထည် ဖော်နေကြတယ်။ သာလွန်အင်အားသုံးပြီး အကြောက်တရားဓားမိုး စစ်ဦးဘီလူးစရိုက်နဲ့ လူသတ်၊ မီးရှို့၊ ဗုံးကြဲ၊ အဓမ္မကျင့်၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်၊ ခိုးဆိုးလုယက်ခဲ့တဲ့ ရာဇဝတ်မှတ်တမ်းတွေက မင်းနဲ့ကြံရာပါ မျိုးဆက်အဆက်ဆက်အထိ အတိတ်တစ္ဆေ ခြောက်လှန့်နေမယ်ဆိုတာ ယုံမှားသံသယမရှိပါဘူး။ 

မင်းတို့ရဲ့ ရာဇဝတ်သင့် အကျင့်ဆိုးလုပ်ရပ်တွေနဲ့အတူ သိရဲ့နဲ့ ဆက်မိုက်နေတာလား၊ မထူးဇာတ်ခင်း ကြမ်းကျွံလို့ နုတ်မရတော့ဘဲ အိုမင်းတွင်းဆုံးတိုင် မိုက်လုံးကြီးနေတာလားဆိုတာ မင်းတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်။ ကြပ်ပြေးခြေရာခွက်ထဲက ဖားသူငယ်တသိုက်လို့ ကင်ပွန်းတပ်ပြန်ရင်လည်း မင်တို့မိစ္ဆာတွေ ဆတ်ဆတ်ထိမခံ ဖြစ်ကြဦးမယ်။

ပြည်သူအပေါ် လူငယ်တွေအပေါ် တိုင်းပြည် ပြိုလဲပျက်စီးသွားအောင် မင်းနဲ့ မင်းရဲ့လက်ပါးစေတွေ ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုအတွက် ကိုယ့်သေတွင်း ကိုယ်တူးကြရလိမ့်မယ်။ ဒီတော့ ကိုယ့်သေတွင်းကို ကြပ်ပြေးမှာပဲ တူးကြမလား၊ နိုင်ငံတကာကြိုးစင်ပေါ်မှာပဲ အဆုံးသတ်ကြမလား ဆိုတာ အချိန်က စကားပြောလာပါပြီ။ 

ဟန်ပြနိုင်ငံရေးဖြေလျှော့မှု လွတ်ငြိမ်းသက်သာဆိုတာနဲ့ အရှိန်ကောင်းနေတဲ့ ပြည်သူ့တော်လှန်ရေးကို တို့ပြည်သူတွေကို လာမလှည့်စားနဲ့။ မင်းတို့ရဲ့ လွန့်သာလူးသာတဲ့ အခွင့်အရေးက သက်တမ်းကုန်နေပါပြီ။ လှုပ်လေ မြုပ်လေ နွံပင်လယ်ကြီးထဲကို မကြာခင် သက်ဆင်းရတော့မယ်ဆိုတာ သေချာတာတောင် ဒီထက်မသေချာတဲ့ အဖြေတစ်ခုပါ။ 

တိုင်းပြည်လက်နက်ကို   အလွဲယူသုံးပြီး အာဏာရူးကြည့်လိုက်တာ တတိုင်းတပြည်လုံး အော့နှလုံးနာတဲ့ ဒဏ်ရာတွေ အခုထိ သွေးမတိတ်နိုင်ဘူး။ ပြည်သူတွေ တို့လူငယ်တွေရဲ့သွေးတွေ ဆက်ကာဆက်ကာ စိမ့်ကျနေတုန်းပဲ။ မင်းတို့ကစပြီး သေရဲတဲ့ကောင် ထွက်ခဲ့ဆိုပြီး တို့ရဲ့လူငယ်တွေကို လူသတ်နည်းမျိုးစုံနဲ့ ရက်စက်ခဲ့ကြတာ မှတ်မိလား။ အခုတော့ တို့ကလေးတွေရဲ့ သေရဲရင် ကိုင်ကြည့်ဆိုတဲ့ အသံကိုတောင် အရှင်လတ်လတ် ကြောက်ဒူးတုန်နေကြတာ၊ ဘာမှမကြည့်နဲ့၊ တို့ကလေးတွေဖုန်းထဲက VPN တွေ၊၊ လူငယ်တွေ သယ်လာတဲ့ အလှကုန်လို Lotion ဘူးတွေကိုတောင် ဖိတ်ဖိတ်တုန်အောင် သွေးပျက်နေကြပြီ။ အခုတော့ သေရဲတဲ့ခွေး ကြောက်သေးပန်းနေပြီ မဟုတ်လား။

“ကမ္ဘာမကြေဘူ”၊ “ဘယ်တော့မှမကြေဘူး”ဆိုတဲ့ ကြွေးကြော်သံဟာ တို့ပြည်သူတွေ တို့ရဲ့ လူငယ်တွေက မင်းတို့ကြပ်ပြေးတသိုက်အတွက် ကြိုတင်ကျူးရင့်ခဲ့တဲ့ ဥဒါန်းဆိုတာ မင်းတို့အခု လက်တွေ့မြင်နေရပြီ မဟုတ်လား။ 

သမ္မတဖြစ်မလားလို့ အာဏာရူးလိုက်တာ တိုင်းပြည်ငါးပါးမှောက်ရုံမက သံဃာစဥ်ပါမှောက်တာ။ ကိုယ်တိုင်ခန့် သမ္မတမလုပ်ရဲတော့ နိုင်ငံစီမံအုပ်ချုပ်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဆိုပြီး ကိုယ့်ဖဲကိုယ်ချိုးပြီး ကစားလိုက်တာ ပြည်တွင်းသာမက အာဆီယံမှာတောင် လူရာသွင်းမခံရတဲ့ နူရာဝဲစွဲဘဝကို တန်းတန်းမတ်မတ် ရောက်သွားပါလေရော။

နိုင်ငံတကာအလယ်မှာ အမြဲအကာအကွယ်ပေးနေတဲ့ အဆွေတော်ကြီး ပေါက်ဖော်တောင် မင်းတို့ကို အီကြာကွေးကျွေးပြီး ဝူဟန်ဗိုင်းရပ်စ်ကြောင့် နှာစေးပေးနေရတဲ့ အခြေဆိုက်ကုန်တယ်။ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာကို လူလုံးပြဖို့အတွက် ဆောက်တည်ရာမရအောင် ခရီးသွားချင်နေတဲ့ မင်းက ပြည်တွင်းက ပူတာအိုလိုမြို့ကိုတောင် မသွားရဲတဲ့အဖြစ်။ 

ပြည်ထောင်စုနေ့ ဗိုလ်ရူးခံဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ ခေါင်းစဥ်နဲ့ တပတ်ရိုက်။ အသိအမှတ်ပြုခံချင်လို့ကို အရူးဘွဲ့ခံမယ့်ပွဲကို ပြည်သူ့ဘဏ္ဍာ အလွဲသုံးပြီး ကျင်းပတယ်။ 

ဗိုလ်ရူးနေ့ အထိမ်းအမှတ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကို လိမ်ညာဖို့ လွတ်ငြိမ်းသက်သာ ဇာတ်ထုပ်ဟောင်းပဲ  ခင်းပြတယ်။ လွတ်လာတာ နိုင်ငံရေးအကျဥ်းသားက အနည်းစု၊ နိုင်ငံခြားသား အကျဥ်းသားတွေ၊ လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ရာဇဝတ်အကျဥ်းသားတွေ အများစုကို ကြွေးကျန်ပြစ်ဒဏ်နဲ့ လွှတ်ပေးလိုက်တယ်။

 “အေး… မင်းတို့ကျေးဇူး မူးလို့ရှူစရာမရှိ”....။ 

မိုးမြင့်မော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024