ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာနားမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခလရ(၁၃၈)က အင်အား ၁၂ ယောက်ဝန်းကျင်ပါတဲ့ တပ်ဖွဲ့တွေက ဆွမ်ပရာဘွမ်ကို ဆန်နဲ့ ရိက္ခာတွေ သယ်ယူဖို့သွားစဉ် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ(၁)၊ တပ်ရင်း(၁၀) ဒေသ မလိယန်ကျေးရွာနားမှာ နှစ်ဖက် အမှတ်မထင်ထိတွေ့တိုက်ပွဲဖြစ်ပွားတာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆)၊ တပ်ရင်း (၃၆) မုန်းကိုးဒေသ ဆပ်ခူးချောင်းအနီး ရှောင်ဖောင်းကျေးရွာဟောင်းမှာလည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ခလရ (၂၈၇) နဲ့ ခမရ (၄၂၀) ပူးပေါင်းတပ်အင်အား ၁၅၀ လောက်က ကချင်လွတ်မြောက်ရေးတပ်မတော်နယ်မြေထဲကို တပ်စွဲနေရာယူလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သလို မုံးကိုးဗျူဟာကုန်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။