ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်ကြားမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက PDF-Zoland၊ CDM-Siyin ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland ကနေ သိရပါတယ်။
ဖလမ်းမြို့ကနေ တီးတိန်မြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၂၃ စီးကို ဒီကနေ့မနက်ပိုင်းမှာ PDF-Zolandနဲ့ CDM-Siyin ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး Zawngkong ကျေးရွာနားမှာ မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ခလရ ၂၆၈ ကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို CNDF တပ်ဖွဲ့က ပဒေသာမိုင်း အလုံး ၂၀ ထောင်ပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။