ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်းက ပျူစောထီးအဖွဲ့ဝင် တယောက်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျွဲခြံထောင့်အုပ်စု၊ သပြေငူကျေးရွာက စစ်မှုထမ်းဟောင်း ပျူစောထီးအဖွဲ့ဝင် ဦးသန်းဝင်း နေအိမ်ကို မနက် ၃ နာရီလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျုံပျော်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
“ဗုံးပေါက်တာတော့ ဟုတ်တယ်။ မနက်အစောပိုင်းက ဖြစ်သွားတာ တော်တော်စောတယ်။ ၃ နာရီကျော်လောက် ဖြစ်သွားတာ ထိခိုက်တာမျိုးတော့မရှိဘူးကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့ ပျူစောထီးအဖွဲ့ဝင်ရှိတဲ့ ရွာကို မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာသားတွေကို စစ်ဆေးခဲ့သလို မြို့ဝင်ထွက်လမ်းတွေကိုလည်း ပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။
ကျုံပျော်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းကလည်း မြို့နယ် EPC ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။