မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာ သွားကားလမ်းပေါ်ရှိ သာယာဦးမြို့အဝင် ဘီးခွန်စစ်ဆေးရေးဂိတ်အနီးမှာ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက လုံခြုံရေးကျ ရဲတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပစ်ခတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ယောက်ထဲမှာ ၃ ယောက်က သေဆုံးသွားကာ ၂ ယောက် ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တံတားဦးမြို့ခံတစ်ဦးက ပြောပါတယ်။
“သေနတ်နဲ့ အချက် နှစ်ဆယ်လောက်ပစ်သွားတာ။ ရဲတွေက တံတားဦးရဲစခန်းက ရဲတွေ။ သုံးဦးသေသွားတယ်။ နှစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကလည်း အသက်အန္တရာယ်ရှိတယ်လို့ ကြားတယ်။”
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဒုတပ်ကြပ်မြင့်ဇော်နဲ့ ရဲတပ်သား ၂ ယောက် ကျည်ထိမှန်ဒဏ်ရာတွေနဲ့ နေရာမှာပင် သေဆုံးခဲ့ပါတယ်။
တပ်ကြပ်တင်မြင့်ဝင်းကတော့ ညာဘက်လက်ကျည်ဆန် ထိမှန်ဒဏ်ရာတစ်ချက်၊ တပ်သားသန်းရွှေက ညာဘက်လက်ကျည် ထိမှန်ဒဏ်ရာတစ်ချက်ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုဟာ ဘယ်အဖွဲ့လက်ချက်လဲဆိုတာ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်သေးပါဘူး။