မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်က စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ YDF(ဆော၊ကျောက်ထု) အဖွဲ့က ပြောပါတယ်။
ကျောက်ထုမြို့ကနေ ဆောမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ယာဥ်တန်းကို မနေ့က နေ့လည်ပိုင်းမှာ အဝေးထိန်းစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ YDF(ဆော၊ကျောက်ထု)ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ဘက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာ နိုင်ခဲ့တယ်။”
ကျောက်ထုမြို့ကနေ ဆောမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ယာဥ်တန်း ၁၆ စီး၊ အင်အား ၃၀၀ ကျော်လောက်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာလည်း YDF(ဆော၊ကျောက်ထု)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆောမြို့နယ်အတွင်းမှာ အချိန်မရွေး တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဆော-ကျောက်ထုလမ်းပိုင်းနဲ့ ဆော-ကန်ပက်လက်လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေ လုံးဝမပြုလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။