Home
မြန်မာသတင်း
မင်းကင်းမြို့နယ်ကို အရေးပေါ်အခြေအနေသတ်မှတ်ပေးပြီး အကူအညီပေးရန် NUG ထံ တောင်းဆို
DVB
·
February 11, 2022

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက်တက်ရွာနဲ့ မုဿာရွာတွေမှာ စစ်ကောင်စီက အိမ်ခြေ ၃၀၀ ကျော်၊ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက်  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မင်းကင်းမြို့နယ်ကို အရေးပေါ်အခြေအနေသတ်မှတ်ပေးပြီး အကူအညီပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ 

မောက်တက်ရွာနဲ့ မုဿာရွာတွေကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းကစပြီး စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ခဲ့တာဖြစ်ပြီး မောက်တက်ရွာမှာ အိမ်ခြေ ၁၂၀ ကျော်၊ မုဿာရွာမှ အိမ်ခြေ ၁၈၀ နီးပါး စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့တာပါ။ 

ဒေသခံတွေဟာ တောတောင်ထဲ ရှောင်ပုန်းနေရပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါတယ်။ မင်းကင်းမြို့နယ်ထဲမှာ ပျူစောထီးတွေအင်အား ကောင်းနေတဲ့အတွက် ပြည်သူအချင်းချင်းပြန်တိုက်ရတဲ့ အခြေအနေမျိုးလည်း ဖြစ်နေပါတယ်။

မင်းကင်းမြို့နယ်၊ မောက်တက်ရွာခံတစ်ဦးက "မောက်တက်နဲ့ မုဿာရွာတွေမှာ မီးရှို့ခံရတာဗျ။ မောက်တက်ကတော့ တစ်ရွာလုံးလိုလိုပါပဲ။ ကုန်သလောက်ဖြစ်နေပါပြီ။ မောက်တက်ရွာက အိမ်ခြေ ၁၂၀ ကျော်တယ်။ မုဿာက အိမ်ခြေ ၁၈၀ နီးပါးရှိတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ညက အနောက်ဘက်အဖွဲ့တစ်ဖွဲ့က သူတို့ကို သွားတိုက်တာရှိတယ်။ လက်နက်ရလိုက်တာလည်းရှိတယ်။ သူတို့က ပျူစောထီးနဲ့ပေါင်းပြီး တစ်ရွာပြီးတစ်ရွာ အဲ့ဒီလိုလိုက်ရှို့နေတာပဲ။ ဝမ်းနည်းတာပေါ့။ ဒါပေမဲ့ ကြောက်သွားမှာတော့မဟုတ်ဘူး။ ကျနော်တို့က တိုက်မှာ၊ ပြန်တိုက်မှာ။ ရွာသူရွာသားတွေကတော့ တောတွေတောင်တွေထဲ ပြေးကြလွှားကြရတာပေါ့။ NUG နဲ့ တာဝန်ရှိလူကြီးတွေအနေနဲ့ မင်းကင်းမှာ အရေးပေါ်အခြေအနေအတွက် လက်နက်နဲ့နည်းဗျူဟာ ပေးဖို့  ဖြစ်စေချင်ပါတယ်။” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ၂၀၂၁ မတ်လ ၃ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၈ ရက်အထိ တစ်နှစ်နီးပါးကာလအတွင်း အပြစ်မဲ့ပြည်သူ ၄၂၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

မင်းကင်းမြို့နယ်မှာ စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူ ၂၀ ကျော်ရှိနေပြီး ဒေသခံတွေက လက်တုံ့ပြန်ဖို့ ပြင်ဆင်နေပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေဟာ နာကျည်းမှုပိုဖြစ်နေပြီး နိုင်ငံဟာပိုဆိုးတဲ့အခြေအနေကိုရောက်လာတယ်လို့ ကိုခန့်ဝေဖြိုး (မုံရွာသပိတ်ဦးဆောင်ကော်မတီ)  က  ပြောပါတယ်။

“သူတို့လုပ်ရပ်တွေက ပြည်သူလူထုက ပိုပိုပြီးတော့ နာကျည်းမှုတွေပဲဖြစ်စေမယ်။ လက်နက်ကိုင်နဲ့ အရပ်သားလည်း သူတို့ခွဲခြားနိုင်စွမ်းလည်း မရှိတော့တဲ့အတွက် အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာပေါ့။ စစ်ကောင်စီအနေနဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ပြောချင်တယ်။ လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်ကိုတောင်မှ မတရားသဖြင့်ချိုးနှိမ်နေတာပါ။ ကျနော်တို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်။"

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ဇန်နဝါရီ ၃၁ ရက်ကလည်း မင်းကင်းမြို့နယ်၊ အနောက်တောကျေးရွာ၊ ဘင်ကျေးရွာနဲ့ သင်တောအုပ်စုထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၂၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ဇန်နဝါရီနောက်ဆုံးအပတ်ကစပြီး မင်းကင်းမြို့နယ်အတွင်း ကျေးရွာတွေကို လှည့်လည်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024