မကွေးတိုင်း ဆောမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်းကို YDF(ဆော၊ကျောက်ထု)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ထုမြို့ကနေ ဆောမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ယာဥ်တန်း ၁၆ စီး၊ အင်အား ၃၀၀ ကျော်လောက်ကို မနေ့မနက် ၁၁ နာရီလောက်မှာ YDF (ဆော၊ကျောက်ထု) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ YDF (ဆော၊ ကျောက်ထု)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အဲဒီ စစ်ကောင်စီယာဥ်တန်းကို YDF က ၄ ရက်ကြာ ကင်းစောင့်ပြီး ပဒေသာမိုင်း ၁၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဗျ။ စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးသူ ရှိပေမယ့် အတိကျတော့ အတည်မပြုနိုင်သေးဘူး။”
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။
ဆောမြို့နယ်အတွင်းမှာ အချိန်မရွေး တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဆော-ကျောက်ထုလမ်းပိုင်းနဲ့ ဆော-ကန်ပက်လက်လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေ လုံးဝမပြုလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။