မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်နဲ့ စွပ္ပနူးကျေးရွာကြားက ဦးကြာရိုးတံတား မီးရထားလမ်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းဟာ စစ်ကောင်စီဘက်က အဓိက အသုံးပြုနေတဲ့အတွက်ကြောင့် စစ်ရေးပစ်မှတ်သတ်မှတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
ဒေသခံတွေအဆိုအရ မီးရထားလမ်းမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းအရ မီးရထားရုံပိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေ သွားရောက်စစ်ဆေးရာမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် မီးရထားရုံပိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
မီးရထားလမ်း ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက မုပ္ပလင်နဲ့ စွပ္ပနူးကျေးရွာကြားရှိ လမ်းတွေကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။