ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီကျော်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၁၀ နာရီခွဲလောက်က ဗထူးလမ်းက ၃၆၀ ဆီဆိုင်နားမှာ ပစ်ခတ်သံကြားရတာ၊ ဘာကိုပစ်တယ်တော့ မသိဘူး။ ပစ်ခတ်သံကြားပြီး စစ်ကားတွေ ရဲကားတွေ ရောက်လာပြီး ဗထူးလမ်းကို ပိတ်ပြီး စစ်ဆေးနေတာ၊ ဆိုင်ကယ်တွေကိုလည်း စစ်နေတယ်။”
ဖေဖော်ဝါရီ ၈ ရက် ညနေ ၄ နာရီကျော်လောက်ကလည်း ၄၁ ရပ်ကွက်ထဲကို စစ်ကားတွေ ရောက်လာပြီး လမ်းတွေပိတ်ဆို့ကာ စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ သာကေတမြို့နယ် ကမာကြည် တံတားမှာလည်း အိမ်စီးကားနဲ့ Taxi ကားတွေကို ဒီနေ့ နေ့လယ်က စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်အတွင်းမှာလည်း ဒီနေ့ အစစ်အဆေးတင်းကျပ်နေပြီး နေ့လယ် ၂ နာရီလောက်က တညင်းကုန်းလမ်းဆုံနဲ့ ဆောက်လုပ်ရေးမှတ်တိုင်အကြား သံလမ်းအနီး၊ ကန်သာယာမှတ်တိုင်၊ ပုလဲလမ်းဆုံ၊ ထန်းခြောက်ပင်လမ်းဆုံ၊ လှော်ကားတာဆုံ၊ လှော်ကား ဈေးသံလမ်း၊ ဏ/ကွေ့၊ လိန်ကုန်း လျှပ်စစ်ရုံးရှေ့ နေရာတွေမှာ ပိုက်စိပ်တိုက် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေစီက သိရပါတယ်။